Apple iPhone 15 ဖုန်းသစ်တွေကို မကြာခင် လာမယ့်စက်တင်ဘာလအတွင်းမှာ မိတ်ဆက်သွားဖို့ ခန့်မှန်းထားကြတာပဲဖြစ်ပါတယ်။​ ယခုနှစ် iPhone 15 Series ဖုန်းတွေဟာ အကုန်လုံး Dynamic Island ကို အသုံးပြုလာမယ့်အပြင် USB-C ကိုပါ ပြောင်းလဲအသုံးပြုမှာဖြစ်တာကြောင့် ယခင်ထက် ပြောင်းလဲမှုတွေ ပိုမိုများပြားလာမယ်လို့ ယူဆရပါတယ်။

ဒါကြောင့် Wall Street Analyst တစ်ဦးဖြစ်တဲ့ Dan Ives ကနေ Apple ဟာ iPhone 15 ဖုန်းတွေရဲ့ စျေးနှုန်းကို တိုးမြှင့်ရောင်းချဖို့ စီစဥ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအနေနဲ့ iPhone တွေကို စျေးတက်ရောင်းချသွားမှာဖြစ်ပါတယ်။​

Dan Ives ဟာ US နိုင်ငံပြင်ပစျေးကွက်တွေမှာ iPhone 14 Series စျေးနှုန်းကို ပိုမိုတိုးမြှင့်ပြီး ရောင်းချမှုကိုလည်း မှန်ကန်စွာခန့်မှန်းနိုင်ခဲ့ပြီး iPhone 15 ဖုန်းတွေကိုလည်း အလားတူ စျေးတင်ရောင်းချမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

သူ့ရဲ့ ခန့်မှန်းချက်အရ iPhone 15 Pro Series Model တွေဟာ အမြင့်ဆုံး ဒေါ်လာ ၂၀၀ အထိ လက်ရှိစျေးထက် မြင့်တက်နိုင်တယ်လို့ သိရပါတယ်။ လောလောဆယ်မှာ iPhone 14 ဟာ $799 က စတင်ပြီး iPhone 14 Plus ကို $899 ၊​ iPhone 14 Pro ကို $999 နဲ့ iPhone 14 Pro Max ကို $1,099 ကနေ စတင်ရောင်းချနေတာဖြစ်ပါတယ်။​

ဒါတင်မဟုတ်သေးဘဲ Apple ဟာ ၂၀၂၃ ခုနှစ်အတွင်းမှာတင် iPhone 15 အလုံးရေ ၂၃၅ သန်းကနေ သန်း ၂၄၀ အထိ ရောင်းချရဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။ တကယ်လို့ အနည်းဆုံး ဒေါ်လာ ၁၀၀ ပဲ တိုးမြှင့်ရောင်းချရင်တောင် Apple ရဲ့ ဝင်ငွေဟာ ပုံမှန်ထက် ဒေါ်လာ ၂၃.၅ ဘီလီယံပိုမိုရရှိမှာဖြစ်ပြီး လာမယ့် ၁၈ လ ကနေ ၂ နှစ်အတွင်း ကုမ္ပဏီတန်ဖိုးဟာ ဒေါ်လာ ၄ ထရီလီယံအထိ ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Ref – Gizmo China