Apple ရဲ့ Flagship iPhone တွေကို မိတ်ဆက်လေ့ရှိတဲ့အချိန်ဟာ နှစ်တစ်နှစ်ရဲ့ စက်တင်ဘာလမှာ ဖြစ်လေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ကမ္ဘာ့ကပ်ရောဂါကြောင့် ထုတ်လုပ်မှုဖြစ်စဉ်အချို့ နှောင့်နှေးခဲ့ရပြီး ပုံမှန်မိတ်ဆက်ချိန်ထက် နောက်ကျမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Tech analyst Jon Prosser ရဲ့ ကျေးဇူးနဲ့ iPhone 12 အပါအဝင် နောက်လာမယ့် iPad နဲ့ Apple Watch တို့ကို တင်ပို့မယ့်အချိန်နဲ့ အချက်အလက်အချို့ကို သိခဲ့ရပြီ ဖြစ်ပါတယ်။ Jon Prosser ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက iPhone SE ကြေညာမယ့်ရက်ကို မှန်မှန်ကန်ကန်နဲ့ ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက် သူ့ဆီကထွက်လာတဲ့ သတင်းကလည်း စိတ်ဝင်စားစရာကောင်းနေပါတော့တယ်။

Jon ရဲ့ မျှဝေမှုအရ Apple ဟာ အောက်တိုဘာလ ၁၂ ရက်ကစပြီး iPhone 12 နဲ့ iPhone 12 Pro တွေအတွက် မိတ်ဆက်ပွဲ ပြုလုပ်ကျင်းပမယ်လို့ သိရပါတယ်။ ရက်သတ္တပတ် ၄၂ လို့ဆိုတဲ့အတွက် အောက်တိုဘာလ ၁၂ ရက်ကနေ ၁၈ ရက်ကြားဖြစ်ပါလိမ့်မယ်။ ဒီနောက်ပိုင်းမှာတော့ Pre-order နဲ့ Shipping တွေ ဆက်လာမှာ ဖြစ်ပါတယ်။

Apple အနေနဲ့ iPhone 12 (non pro) မော်ဒယ်အတွက် Pre-order တွေကို ရက်သတ္တပတ် ၄၂ မှာပဲ လက်ခံမှာဖြစ်ပြီး နောက်တစ်ပတ်ဖြစ်တဲ့ အောက်တိုဘာ ၁၉ မှာတော့ Shipping စတင်မယ်လို့ ဆိုပါတယ်။ iPhone 12 Pro မော်ဒယ်တွေကတော့ နိုဝင်ဘာလတစ်ရက်ရက်မှာ စပြီးတင်ပို့မယ်လို့ မျှော်လင့်ရပါတယ်။

ဈေးနှုန်းချိုသာတဲ့ မျိုးဆက်သစ် iPad 10.2 နဲ့ Apple Watch Series 6 တွေကတော့ စက်တင်ဘာလ ၇ ရက်နေ့မှာ စတင် ကြေညာမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီနှစ်မျိုးအတွက်တော့ Event လုပ်သွားမှာမဟုတ်ဘဲ စာနယ်ဇင်းမိတ်ဆက်မှုပဲ ပြုလုပ်မယ်လို့ ဆိုပါတယ်။ Apple အနေနဲ့ iPhone 12 Pro, Pro Max နဲ့အတူ iPhone 12 နဲ့ 12 Max ဆိုပြီး လေးမျိုးစလုံး မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena