Apple ဟာ မကြာခင်ကပဲ iPhone 12 စီးရီးကို မိတ်ဆက်ခဲ့ပြီး၊ အခုအချိန်မှာတော့ မော်ဒယ်လေးမျိုးစလုံးကို ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။ အသစ်ထွက်လာတဲ့ iPhone 12 စီးရီးဟာ လူကြိုက်များနေပေမယ့် ကုမ္ပဏီအနေနဲ့ မြင့်မားတဲ့ဝယ်လိုအားကို ဖြည့်ဆည်းဖို့ ရုန်းကန်နေရတယ်လို့ ယူဆရပါတယ်။

တရုတ်နိုင်ငံဈေးကွက်မှာတော့ iPhone 12 Pro ဟာ မော်ဒယ်လေးမျိုးထဲမှာ အရောင်းရဆုံးမော်ဒယ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်လီအရောင်းဆိုင်အချို့ဟာ မူရင်းဈေးထက် ယွမ်တစ်ထောင်လောက်အထိ ဈေးတင်ရောင်းနေကြတယ်လို့လည်း သိရပါတယ်။ ဈေးပိုများရတဲ့အကြောင်းရင်းထဲမှာ iPhone 12 Pro ရဲ့ တင်ပို့ချိန်ကြာမြင့်တာကလည်း ပါဝင်ပါတယ်။

တရုတ်နိုင်ငံမှာရှိတဲ့ Apple ဝက်ဘ်ဆိုက်မှာကြည့်မယ်ဆိုရင် iPhone 12 နဲ့ 12 Mini အပါအဝင် အခြား ဖုန်းတွေက ကုန်ပစ္စည်းပို့ဆောင်ချိန်ကို ၅ ရက်ကနေ ၇ ရက်အထိပဲ ပြသပေမယ့် iPhone 12 Pro ရဲ့ ကုန်ပစ္စည်းပို့ဆောင်ချိန်ကိုတော့ ၃ ပတ်ကနေ ၄ ပတ်အထိ စောင့်ဆိုင်းဖို့လိုကြောင်း ပြသထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မကြာခင်ကထွက်ခဲ့တဲ့သတင်းတွေမှာလည်း iPhone 12 တွေရဲ့ ဝယ်လိုအားတိုးမြင့်နေတာကြောင့် Apple အနေနဲ့ ထုတ်လုပ်မှုအမှာစာကို ၂ သန်း အထိ ထပ်မံတိုးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း ကုမ္ပဏီအနေနဲ့ iPhone တွေအတွက် Power chips လိုအပ်မှုပြဿနာကြောင့်အခက်တွေ့နေရပြီး၊ Chips တွေ ရယူဖို့ပျက်ကွက်ခြင်းက ဒီနှစ်နောက်ဆုံးလ ဒါမှမဟုတ်၊ ဒီသုံးလပတ်ရဲ့ နောက်ဆုံးပိုင်းမှာ iPhone ရောင်းချမှုအားကို ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။ Cinda Securities ကထုတ်ပြန်တဲ့ ခန့်မှန်းချက်တွေအရ iPhone 12 စီးရီးရဲ့ဝယ်လိုအားဟာ ယူနစ်ပေါင်း သန်း၈၀ ကနေ ၈၅ သန်းကြားရှိနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၂၁ မှာ iPhone 12 မော်ဒယ်အားလုံး စုစုပေါင်း သန်း ၂၃၀ ကနေ ၂၄၀ ကြား တင်ပို့ရောင်းချနိုင်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

Ref: Gizmochina