၂၀၂၀ ခုနှစ်က ရောင်းချခဲ့တဲ့ iPhone 12 မှာ ကတည်းက 5G ဆက်သွယ်မှု ပါလာတာ ဖြစ်ပါတယ်။ အဲဒီ အချိန်ကစပြီး Apple ဟာ iPhone ရဲ့ 5G စွမ်းရည်ကို တိုးတက်အောင် စဉ်ဆက်မပြတ်ကြိုးစားနေခဲ့ပါတယ်။ အခုတော့ iPhone 15 Pro ရဲ့ 5G Modem Chip ဟာ အရင်မျိုးဆက်ထက် ၂၄ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာပါတယ်။

iPhone 15 Pro 5G Download Speed

အင်တာနက် အမြန်နှုန်း တိုင်းတာတဲ့ Tool တစ်ခု ဖြစ်တဲ့ SpeedSmart က iPhone 15 Pro နဲ့ Pro Max ရဲ့ 5G အမြန်နှုန်းကို အဓိက အမေရိကန် Carrier တွေ ဖြစ်တဲ့ AT&T, T-Mobile နဲ့ Verizon မှာ စမ်းသပ်ခဲ့ပါတယ်။ iPhone 15 Pro ဟာ Carrier ၃ ခုစလုံးမှာ 5G ဆက်သွယ်မှု ပိုမြန်လာပြီး အထူးသဖြင့် Download အမြန်နှုန်း တိုးတက်လာပါတယ်။

အားလုံးထဲမှာ Verizon ရဲ့ ကွန်ရက်က အတိုးတက်ဆုံး ဖြစ်ပြီး iPhone 14 Pro က 195.83Mbps Download Speed ရထားကာ  iPhone 15 Pro က 243.06Mbps ရထားပါတယ်။ တစ်နည်းပြောရရင် Download Speed က ၂၄ ရာခိုင်နှုန်း ပိုမြန်လာပါတယ်။

Apple ဟာ ကိုယ်ပိုင် 5G Modem ထုတ်လုပ်နေတယ်လို့ သတင်းထွက်နေပေမယ့် Apple ဟာ ၂၀၂၆ ခုနှစ်အထိ Qualcomm ဆီကနေ 5G Modem ဝယ်ယူဖို့ သဘောတူညီပြီးပါပြီ။ အဲဒီအတွက် နောက် ၃ နှစ်အတွင်း ထုတ်လုပ်မယ့် iPhone တွေမှာ Apple ရဲ့ 5G Modem ပါလာမှာ မဟုတ်ပါဘူး။

Ref : gizmochina