Apple က သမိုင်းမှတ်တိုင် အသစ်တစ်ခုကို စိုက်ထူလိုက်နိုင်ပါပြီ။ Apple ဟာ ဒေါ်လာ ၃ ထရီလီယမ် တန်ကြေးရှိတဲ့ ကမ္ဘာ့ ပထမဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ရှယ်ယာတွေနဲ့ နှိုင်းယှဉ်ရင် ကုမ္ပဏီဟာ တန်ဖိုး ၂.၃၁ ရာခိုင်နှုန်း တိုးတက်လာပြီး အရင်နှစ်က တန်ဖိုးနဲ့ နှိုင်းယှဉ်ရင် Apple ဟာ ၄၆ ရာခိုင်နှုန်း တိုးတက်လာပါတယ်။
Apple ဟာ အရင်နှစ် ဇန်နဝါရီလ ဈေးကွက်အဖွင့်မှာ ဒေါ်လာ ၃ ထရီလီယမ် ယာယီ ကျော်သွားခဲ့ပါတယ်။ ဒါပေမယ့် ဈေးကွက် အပိတ်မှာ လျော့နည်းသွားခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ Apple ဟာ ဈေးကွက်အပိတ်မှာပါ အဲဒီ ပမာဏကို ကျော်သွားခဲ့တာပါ။
Apple ကုမ္ပဏီရဲ့ တန်ဖိုးကို အဓိက တက်စေတဲ့ အရာက iPhone ဖြစ်ပါတယ်။ Apple ရဲ့ iPhone ရောင်းအားဟာ အမေရိကန်မှာသာမက တရုတ်မှာလည်း ကောင်းနေပါတယ်။ အမေရိကန်မှာ ရောင်းအား အကောင်းဆုံး ဖုန်း ၅ လုံးဟာ iPhone တွေ ဖြစ်ပြီး စုစုပေါင်း ဈေးကွက်ဝေစုရဲ့ ၅၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။
တရုတ်မှာလည်း ရောင်းအား အကောင်းဆုံး ဖုန်း ၅ လုံးမှာ ၄ လုံးဟာ iPhone တွေ ဖြစ်ပါတယ်။ မကြာခင်က ကြေညာခဲ့တဲ့ Apple Vision Pro ဟာလည်း အောင်မြင်ရတဲ့ အကြောင်းအရင်း တစ်ချက် ဖြစ်ပြီး နောက်နှစ်မှာ ၃,၄၉၉ ဒေါ်လာနဲ့ ရောင်းချဖို့ စီစဉ်ထားပါတယ်။
Apple ဟာ နောက်မျိုးဆက် iPhone ကို ကြေညာဖို့ လအနည်းငယ်ပဲလိုတော့တဲ့အတွက် iPhone ရောင်းအား ဆက်လက်ကောင်းနေဦးမှာပါ။
Ref : gizchina