Apple နဲ့ပတ်သက်ပြီး နာမည်ကြီးတာတွေထဲမှာ သုံးစွဲသူတွေကို အစဉ်တစိုက် ကြည့်ရှုပြီး၊ နစ်နာမှုရှိလာရင် ပြန်ပြီးအစားထိုးပေးတာ၊ အလျော်ပေးတာမျိုးလည်း ပါဝင်ပါတယ်။ အထူးသဖြင့် ကုန်ပစ္စည်းကို ထုတ်လုပ်လိုက်စဉ်က ဖြစ်ပေါ်ခဲ့တဲ့ မှားယွင်းမှုတွေအတွက် အသုံးပြုသူစိတ်ကျေနပ်အောင် ပြန်လဲပေးတာမျိုးက မကြာခနဆိုသလို တွေ့မြင်ရပါတယ်။

အခုလည်း Apple ဟာ သတ်မှတ်ချက်တွေအတိုင်း ထိခိုက်နစ်နာခဲ့တဲ့ iPhone 11 ယူနစ်တွေအတွက် အခမဲ့လဲလှယ်ပေးခြင်းအစီအစဉ်ကို ပြီးခဲ့တဲ့သောကြာနေ့က စတင်ခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၀ ပြည့်နှစ် မေလအကြားထုတ်လုပ်ခဲ့တဲ့ iPhone 11 ယူနစ်တွေအတွက် ဖြစ်ပါတယ်။

ဒီကာလအတွင်းထုတ်လုပ်ခဲ့တဲ့ iPhone 11 ယူနစ်တွေမှာ အသုံးပြုသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ Touch Screen issue တွေ ဖြစ်ပေါ်ခဲ့တာပါ။ အခုတော့ အမေရိကန်အခြေစိုက်ကုမ္ပဏီကြီးက ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းနေပြီ ဖြစ်ပါတယ်။

“iPhone 11 ယူနစ်အနည်းငယ်မှာ မျက်နှာပြင်ကိုထိတွေ့မှုပြုလုပ်စဉ် တုံ့ပြန်မှုမရှိတဲ့ပြဿနာကို ဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီပြဿနာကြုံရတဲ့ ယူနစ်တွေဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၀ ပြည့်နှစ် မေလအကြားထုတ်လုပ်ခဲ့တဲ့ ယူနစ်တွေဖြစ်ပါတယ်။ အကယ်၍ သင့်ရဲ့ iPhone 11 မှာ အလားတူပြဿနာမျိုး ရှိနေရင် ဒီအစီအစဉ်မှာပါဝင်ခွင့်ရှိ၊ မရှိကို ဖော်ပြပါ Serial number checker ကတစ်ဆင့် စစ်ဆေးလိုက်ပါ။ ပါဝင်ခဲ့ရင်တော့ Apple Authorized Service Provider က အခမဲ့ဝန်ဆောင်ပေးမှာဖြစ်ပါတယ်” လို့ Apple က တရားဝင် ထုတ်ပြန်ကြေညာထားပါတယ်။

ထိခိုက်နစ်နာတဲ့ အသုံးပြုသူတွေဟာ Apple Store မှာ ရက်ချိန်းယူတာဖြစ်ဖြစ်၊ အခမဲ့ပြင်ဆင်ခြင်းအတွက် Apple Authorized Service Provider ကို ဆက်သွယ်တာဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ Mail-in service ကိုလည်း ရွေးချယ်နိုင်ပြီး၊ ဝန်ဆောင်မှုကို မရယူခင်မှာတော့ ဖုန်းကို Backup လုပ်ထားဖို့ အကြံပြုထားပါတယ်။

Ref: GSM Arena