Apple ဟာ လာမယ့်အောက်တိုဘာ ၂၇ ရက်နေ့မှာ Live Event တစ်ခု ပြုလုပ်ဖွယ်ရှိပြီး ဒီပွဲမှာ ကုမ္ပဏီရဲ့ နောက်ထပ်ကြီးမားတဲ့တီထွင်ဆန်းသစ်မှုဖြစ်တဲ့ Apple Glass ကို ပွဲထုတ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အချို့ကတော့ ဒီထုတ်ကုန်ဟာ အနာဂတ်မှာ မိတ်ဆက်ဖို့ စီစဉ်ထားတဲ့ Mix reality (AR/VR) headset နဲ့ AR Glass ဖြစ်မယ်လို့ ယုံကြည်နေကြပါတယ်။

Apple ရဲ့ AR Glass နောက်ဆုံးဗားရှင်းကို ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်ကြားထဲမှာပဲ မိတ်ဆက်လာမယ်လို့လည်း အချို့သတင်းဌာနတွေက ရေးသားဖော်ပြကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်တုန်းက US မူပိုင်ခွင့်နဲ့ ကုန်အမှတ်တံဆိပ်ရုံးကို Apple လျှောက်တင်ခဲ့တဲ့ မူပိုင်ခွင့်ကလည်း စိတ်ဝင်စားစရာအချက်အလက်တွေကို ယူဆောင်လာပြန်ပါတယ်။

ဒီနှစ်အစပိုင်းကတည်းက တင်သွင်းထားတဲ့ မူပိုင်ခွင့်မှာ “ရုပ်ပိုင်းဆိုင်ရာခြေရာခံအရာဝတ္ထု ကိုအသုံးပြုပြီး Virtual အရာဝတ္ထုတွေကို စီမံခြင်း” ဆိုပြီး ခေါင်းစဉ်တပ်ထားတာကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ ကွန်ပျူတာကနေ ထုတ်ထားတဲ့ Computer-generate reality (CGR) ကို အသုံးပြုသူက စီမံခန့်ခွဲခွင့်ပြုတာလို့ သိရပါတယ်။ ဒါဟာ “proxy object” အနေနဲ့ရွေ့လျားပြီး အသုံးပြုသူက မျက်နှာပြင်ပေါ်မှာ AR ပုံရိပ်ရဲ့ အလွှာကို အသုံးပြုတာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် အသုံးပြုသူက မျက်နှာပြင်ပေါ်မှာ iPad ရဲ့ AR ပုံရိပ်ကို ကြည့်နေတာ ဖြစ်ပေမယ့် တကယ့်အစစ်အမှန်ဘဝမှာတော့ သူဟာ iPad အရွယ်အစားရှိတဲ့ “proxy object” လို သစ်သားစတစ်ခုနားမှာ ရွေ့လျားနေတာမျိုး ဖြစ်နေပါလိမ့်မယ်။ သူဟာ သစ်သားစကို ရွှေ့ပြောင်းနိုင်၊ လှည့်နိုင်ပါမယ်။ ဒါပေမယ့် သူမြင်နေတာကတော့ သစ်သားပြားမဟုတ်ဘဲ တက်ဘက်ရဲ့ မျက်နှာပြင်နဲ့ ခလုတ်တွေပါပဲ။

Apple ရဲ့ ရည်ရွယ်ချက်ကတော့ ဒီ နည်းပညာကိုအသုံးပြုခြင်းအားဖြင့် လူတွေဟာ အရာဝတ္ထုတွေကို အချိန်ကြာမြင့်စွာ ကိုင်တွယ်အသုံးပြုစရာမလိုဘဲ ပေါ့ပေါ့ပါးပါးနဲ့ စီမံခန့်ခွဲနိုင်ဖို့ ဖြစ်ပါတယ်။ ဥပမာအားဖြင့် လူတစ်ယောက်ဟာ iPad ဒါမှမဟုတ် iPhone ကို ကြာရှည်စွာကိုင်ပြီး သုံးစွဲစရာမလိုတော့ဘဲ AR ပုံရိပ်ကတစ်ဆင့် သုံးစွဲနိုင်တဲ့အတွက် လက်ညောင်းသက်သာသွားတာမျိုး ဖြစ်ပါတယ်။

Ref: Phone Arena