Apple ဟာ နှစ်တိုင်း iPhone တွေအတွက် အရောင်အသစ်တစ်မျိုးမျိုးကို မိတ်ဆက်နေကြဖြစ်ပါတယ်။ မနှစ်တုန်းကလည်း iPhone 13 ဖုန်းတွေအတွက် Green နဲ့ iPhone 13 Pro ဖုန်းတွေအတွက် Alphine Green အရောင်အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။

အခုလည်း Apple ကနေ လာမယ့် ရက်သတ္တပါတ်အတွင်းမှာ iPhone 14 Series အတွက် အရောင်အသစ်ကို မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ သိရပြီး အဆိုပါ အရောင်အသစ်က ဘာအရောင်လဲဆိုတာကလည်း ပေါက်ကြားလာခဲ့ပါပြီ။

ယခုသတင်းကို Mac Otakara Media က Mr. Setsuna Digital ကနေ Weibo စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပြီး Apple ဟာ ယခုနှစ်မှာ iPhone 14 Series ဖုန်းတွေအတွက် အဝါရောင်ကို အရောင်အသစ်အနေနဲ့ မိတ်ဆက်သွားမယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါဟာ အစောပိုင်းတုန်းက သတင်းတွေထွက်ရှိထားတာနဲ့ နှိုင်းယှဥ်ရင် ဖြစ်နိုင်ခြေများတယ်လို့ဆိုနိုင်ပါတယ်။

ဒါပေမယ့် ယခုနှစ်မှာ ထူးခြားချက်တစ်ခုက Apple ဟာ အဆိုပါ အဝါရောင် အရောင်အသစ်ကို iPhone 14 Series အားလုံးအတွက် ထုတ်ပေးသွားမှာမဟုတ်ဘဲ iPhone 14 နဲ့ iPhone 14 Plus ဖုန်းတွေအတွက်ပဲ ထုတ်ပေးမယ်လို့ သိရပါတယ်။ ဒါကြောင့် iPhone 14 Pro Series ဖုန်းတွေအတွက် ယခုနှစ်မှာ အရောင်အသစ်ထွက်ရှိခြင်းမရှိဘဲ ယခင်မိတ်ဆက်ထားပြီးသား အရောင်တွေပဲ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ မနှစ်တုန်းက Apple ဟာ အရောင်အသစ်ကို မတ်လ ၈ ရက်နေ့မှာ မိတ်ဆက်ခဲ့တာကြောင့် မကြာခင်မှာ iPhone 14 Series အတွက် အရောင်အသစ်ကို တရားဝင်မိတ်ဆက်မယ်လို့ ခန့်မှန်းရပါတယ်။

Ref – 9to5Mac