Apple ဟာ သူ့ရဲ့ ထုတ်လုပ်မှုတွေကို တရုတ်ကနေ ရွှေ့နေပြီး၊ အိန္ဒိယနဲ့ ဗီယက်နမ်မှာရှိတဲ့ စက်ရုံတွေဆီ ကူးပြောင်းတော့မယ်လို့ Nikkei Asia က ရေးသားဖော်ပြလာပါတယ်။ တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်နောက်ပိုင်း တင်းမာမှုတွေကြောင့် သူ့ရဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကို ပြောင်းမှာဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုပါတယ်။

အိန္ဒိယမှာရှိတဲ့စက်ရုံတွေကတော့ ဒီနှစ်ပထမသုံးလပတ်အစောပိုင်းမှာပဲ iPhone 12 တွေကို စတင်ထုတ်လုပ်ဖွယ် ရှိပါတယ်။ ဗီယက်နမ်မှာရှိတဲ့ စက်ရုံတွေကတော့ iPads နဲ့ HomePod mini တွေကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဗီယက်နမ်စက်ရုံဟာ Smart Speaker မိတ်ဆက်ကတည်းက စတင်လုပ်ဆောင်နေတာဖြစ်ပြီး Apple ကထုတ်လုပ်မှုကို တိုးချဲ့ဖို့အတွက် Supplier တွေဆီ အမှာစာတွေပိုတိုးမြှင့်နေတယ်လို့ဆိုပါတယ်။

Apple ဟာ AirPods စီးရီးလိုမျိုး အသံပိုင်းဆိုင်ရာထုတ်ကုန်တွေကိုလည်း တိုးမြှင့်ခဲ့ပြီး MacBook ထုတ်လုပ်မှုကိုလည်း အဆိုပါနေရာကို ရွှေ့ပြောင်းမှာ ဖြစ်ပါတယ်။ Nikkei Asia ရဲ့ သတင်းရင်းမြစ်ဖြစ်တဲ့ ထောက်ပံ့ရေးကွင်းဆက်မန်နေဂျာအဆိုအရ အမေရိကန်ကုမ္ပဏီတွေဟာ သမ္မတအသစ်ကို ရရှိခဲ့ပေမယ့် တရုတ်နိုင်ငံတွင်းကနေ ထွက်ခွာနေတာဖြစ်တယ်လို့ ဆိုပါတယ်။

Apple ရဲ့ အဓိကမိတ်ဖက်လည်းဖြစ်၊ အဓိက Supplier လည်းဖြစ်တဲ့ Foxconn ဟာ ဗီယက်နမ်နိုင်ငံမှာ စက်ရုံသစ်တည်ဆောက်ပြီး ထုတ်လုပ်မှုစွမ်းရည်တိုးချဲ့ဖို့အတွက် ဒေါ်လာ သန်း ၂၇၀ ရင်းနှီးမြှုပ်နှံခဲ့ပြီး ဖြစ်ပါတယ်။ အခုလိုရွှေ့ပြောင်းရခြင်းဟာ နှစ်နိုင်ငံအကြားဆက်ဆံရေးတင်းမာမှုတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။

အလုပ်သမားကုန်ကျစရိတ်နဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် Supply Chain ကို အကြီးအကျယ်အနှောင့်အယှက်ဖြစ်ခဲ့စေခြင်းကလည်း အခုလိုတရုတ်နိုင်ငံပြင်ပဆီ ရွှေ့ပြောင်းစေခြင်းကို ပိုပြီးအရှိန်အဟုန်မြင့်လာစေတဲ့ တွန်းအားဖြစ်ပါတယ်။ ဒါ့အပြင် Apple အနေနဲ့လည်း အနာဂတ်စီမံကိန်းတွေကို ပိုမိုတဲ့ရွေးချယ်မှုတွေ ရရှိလိုတာကြောင့်လည်း ဖြစ်ပါတယ်။

Ref: GSM Arena