Apple ဟာ စက်တင်ဘာလ ၇ ရက်နေ့မှာ iPhone 14 Series နဲ့ စမတ်နာရီ အသစ်တွေကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒီ စမတ်နာရီတွေထဲက ၁ လုံးက Apple Watch Pro ဖြစ်ပြီး Apple ထုတ်လုပ်ဖူးသမျှ စမတ်နာရီတွေထဲမှာ စွမ်းဆောင်ရည် အမြင့်မားဆုံး ဖြစ်လာမှာပါ။

အခုတော့ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင် နာရီ ပိုင်းအလိုမှာ Apple Watch Pro ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ပေါက်ကြားသတင်းတွေအရ ၄၇ သို့မဟုတ် ၄၉ မီလီမီတာ ကိုယ်ထည်တွေ တပ်ဆင်ထားမှာ ဖြစ်ပြီး ၂ လက်မ မျက်နှာပြင်ဟာ ပြားချပ်တဲ့ ဒီဇိုင်း ဖြစ်ကာ ထိခိုက်မှုတွေကို ပိုမို ခံနိုင်မှာ ဖြစ်ပါတယ်။

Apple Watch Pro ဟာ အားကစားသမားတွေနဲ့ နေအိမ်ပြင်ပမှာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူတွေ အထူး နှစ်သက်ကြတဲ့ Garmin ရဲ့ စမတ်နာရီတွေကို ယှဉ်ပြိုင်မယ်လို့ သတင်းတွေက ခန့်မှန်းထားကြပါတယ်။ အဲဒီအတွက် Apple Watch Pro ဟာ အရွယ်အစား ပိုကြီးမားပြီး အကြမ်းခံပါတယ်။ ဘယ်ဘက်ခြမ်းမှာ ခလုတ် အပို တစ်ခု တပ်ဆင်ထားပြီး လက်ရှိမှာ ဘာအတွက်လဲ မသိရသေးပါဘူး။

အရွယ်အစားကြီးမားတဲ့အတွက် အရွယ်ပိုကြီးတဲ့ ဘက်ထရီ ပါလာနိုင်ပြီး အရင်ပေါက်ကြားခဲ့တဲ့  သတင်းတွေအရ တိုက်တေနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ထားမှာ ဖြစ်ကာ Low-power Mode ပါလာမှာပါ။ အဲဒီ စမတ်နာရီကို ဒေါ်လာ ၉၀၀ ကနေ ၁၀၀၀ အကြား ရောင်းချနိုင်ပါတယ်။

Apple က Watch Pro ကို ဒီလ ၇ ရက်နေ့ မကြေညာဘူးဆိုရင် အောက်တိုဘာလမှာ ကျင်းပမယ့်ပွဲမှာ မိတ်ဆက်နိုင်ပါတယ်။ အဲဒီပွဲမှာ တက်ဘလက်နဲ့ ကွန်ပြူတာ အသစ်တွေကို ကြေညာလေ့ရှိပါတယ်။

Ref : gsmarena