တိုက်တေနီယမ် ကိုယ်ထည် တပ်ဆင်ထားပြီး အလွန် အကြမ်းခံပါတယ်လို့ ကြော်ငြာထားပေမယ့်လည်း iPhone 15 Pro Max ဟာ နာမည်ကြီး နည်းပညာ YouTuber JerryRigEverything ရဲ့ အကြမ်းခံ စမ်းသပ်မှုမှာ ရှုံးနိမ့်သွားပါတယ်။ iPhone 15 Pro Max ဟာ ၁၀ စုနှစ်အတွင်း အကြမ်းခံ စမ်းသပ်မှုမှာ ရှုံးနိမ့်သွားတဲ့ ပထမဆုံး iPhone ဖြစ်လာပါတယ်။

iPhone15 Pro Max ဟာ JerryRigEverything ရဲ့ ခြစ်ရာတင်တဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီး Ceramic Shield Glass ဟာ Mohs Scale of Durability အရ Level 6 မှာ ခြစ်ရာစထင်ခဲ့ကာ Level 7 မှာ ခြစ်ရာ နက်နက်ရှိုင်းရှိုင်းထင်ခဲ့ပါတယ်။ ဒါပေမယ့် ကွေးညွှတ်တဲ့ စမ်းသပ်ချက်မှာ iPhone 15 Pro Max ဟာ ၅ စက္ကန့်တောင် မကြာသေးချိန်မှာ ကွဲအက်သွားပါတယ်။ ဒါတောင် အားအနည်းငယ်ပဲ သုံးထားခဲ့တာ ဖြစ်ပါတယ်။

ဖုန်း အနောက်ဘက်မှာ ချက်ချင်း ကွဲအက်ခဲ့ပြီး အနောက်ဘက် ဖန်ဟာ လုံးဝကွဲအက်ကာ ကွာထွက်ခဲ့ပါတယ်။ ကင်မရာ Island ရဲ့ ဖန်ဟာလည်း ကွဲအက်ခဲ့ပါတယ်။ ဖုန်း မတော်တဆ ကြမ်းပြင်ပေါ်ပြုတ်ကျတာ၊ ထိုင်ခုံပေါ်က ဖုန်းပေါ်ကို ထိုင်ချမိတာတို့လို တကယ့် လက်တွေ့ ဘဝ အခြေအနေတွေမှာ iPhone 15 Pro Max ရဲ့ အနောက်ဘက် ဖန်ဟာ ဖိအားကို လုံးဝ မခံနိုင်တာကို ပြသနေပါတယ်။

Jerry က iPhone 15 Pro Max ရဲ့  အားနည်းတဲ့ အကြမ်းခံစွမ်းရည်ကို အံ့အားသင့်ခဲ့ပြီး iPhone 15 Pro Max ဟာ သူ့ရဲ့ အကြမ်းခံစမ်းသပ်မှုမှာ ရှုံးနိမ့်ခဲ့တယ်လို့ ပြောပါတယ်။

Ref : gizmochina