Apple AirPods တွေဟာ လက်ရှိအချိန်အထိ Wireless Earbuds တွေထဲမှာ ရေပန်းအစားဆုံးလို့ ပြောနိုင်ပါတယ်။ အခုဆို AirPods Pro 2nd Gen ကို နောက်ဆုံးမိတ်ဆက်ပေးထားပြီး မကြာခင်မှာလည်း iOS 17 Update နဲ့အတူ Feature အသစ်တွေကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

ဒါပေမယ့် Apple ဟာ လာမယ့် AirPods Pro Generation အသစ်မှာ လက်ရှိ Software Feature အသစ်တွေအပြင် Hardware ပိုင်းမှာလည်း Feature အသစ်တွေ ထည့်ပေးထားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ ယခုသတင်းကို Bloomberg Media မှ Mark Gurman ကနေ ပြောကြားခဲ့တာဖြစ်ပြီး Apple ကနေ Next Generation AirPods Pro တွေမှာ ထည့်သွင်းလာမယ့် Feature ၂ ခုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပထမဆုံး Feature တစ်ခုကတော့ AirPods ကနေတစ်ဆင့် ကိုယ့်ရဲ့ အကြားအာရုံကို စစ်ဆေးပေးနိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အလားတူ အကြားအာရုံစမ်းသပ်မှုတွေကို Third-party App တွေကနေတစ်ဆင့် ဆောင်ရွက်နိုင်ပေမယ့် Apple က ကိုယ်တိုင် ထည့်သွင်းပေးသွားမှာပါ။

နောက်ထပ် Feature တစ်ခုကတော့ ကိုယ်အပူချိန်တိုင်းတာနိုင်ဖို့အတွက် Built-in Temperature Sensor ကို ထည့်သွင်းပေးထားမှာပဲဖြစ်ပါတယ်။ ဒါကြောင့် AirPods Pro အသစ်တွေက Apple Watch တွေလိုမျိုးပဲ ကိုယ်ခန္ဓာအပူချိန်ကို တိုင်းတာပေးနိုင်တော့မှာပါ။

ဒါပေမယ့် အဆိုပါ Feature အသစ်တွေပါဝင်လာမယ့် AirPods Pro အသစ်တွေက မိတ်ဆက်ဖို့ အချိန်လိုအပ်နေပါသေးတယ်။ Apple ကတော့ လာမယ့် စက်တင်ဘာလ iPhone 15 Series နဲ့အတူ လက်ရှိ AirPods Por 2nd Gen ကိုပဲ USB-C Charging Case ပြောင်းလဲပြီး မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Ref – Engadget