ASUS ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Gaming Phone အသစ်ဖြစ်လာမယ့် ROG Phone 8 ကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ အခုအချိန်မှာတော့ ASUS ကနေ အဆိုပါ ROG Phone 8 ကို တရားဝင်မိတ်ဆက်မယ့်အချိန်အပြင် ဖုန်းရဲ့ ဒီဇိုင်းပုံစံကိုပါ တရားဝင်ပြသလိုက်ပါပြီ။​

ASUS ROG Phone 8 ဟာ လာမယ့် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ Consumer Electronics Show (CES) 2024 မတိုင်ခင် ၁ရက်အလို ဇန်နဝါရီလ ၉ ရက်နေ့မှာ ROG Event အနေနဲ့ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ ROG Event မှာ ROG Phone 8 အပြင် Next Generation Gaming Laptop အသစ်တွေကိုပါ မြင်တွေ့ရဖွယ်ရှိနေပါတယ်။

ဒါကြောင့် ASUS ROG Phone 8 က Global စျေးကွက်မှာ ဇန်နဝါရီလ ၉ ရက်နေ့မှာ တရားဝင်မိတ်ဆက်မှာဖြစ်ပြီး တရုတ်နိုင်ငံစျေးကွက်မှာတော့ ဇန်နဝါရီလ ၁၆ ရက်နေ့မှ မိတ်ဆက်မယ်လို့ သိရပါတယ်။​

ROG Phone 8 ရဲ့ ဒီဇိုင်းကို ကြည့်မယ်ဆိုရင် ယခင် ROG Phone တွေကနေ ဒီဇိုင်းပြောင်းလဲထားတဲ့ Camera Bump ဒီဇိုင်းကိုတွေ့ရှိရမှာဖြစ်ပြီး Main Camera ကို အဆင့်မြှင့်တင်ထားဖွယ်ရှိနေပါတယ်။​ ဒါ့အပြင် ဘေးဘောင်တွေက Flat Design ဖြစ်သွားပြီး ယခင် ROG Phone တွေလိုမျိုး Side-mounted USB C Port ကိုလည်း မြင်တွေ့ရမှာပါ။​ အရောင်အနေနဲ့ အနက်ရောင်နဲ့ ခဲရောင် ၂ မျိုးကို Dual-tone ဒီဇိုင်းဖြင့် ပြုလုပ်ထားတာကိုတွေ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် ASUS ROG Phone 8 ဖုန်းဟာ Qualcomm Snapdragon 8 Gen 3 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး ယခင် ROG Phone တွေလိုမျိုး အကောင်းဆုံး Gaming Phone တစ်လုံးဖြစ်လာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China