Asus ကုမ္ပဏီဟာ Zenfone 7 စီးရီးအသစ်ကို လာမယ့် ဩဂုတ် ၂၆ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး Snapdragon 865+ နဲ့ ရိုးရိုး 865 ချစ်ပ်ဆက်တွေ အသုံးပြုထားတဲ့ ဗားရှင်းနှစ်မျိုး ထွက်လာမှာပါ။ SD865+ အသုံးပြုလာမယ့် မော်ဒယ်ကို “Asus Zenfone 7 Pro” လို့ ခေါ်လာနိုင်ပြီး ယနေ့မှာ အဆိုပါ ဖုန်းဟာ 8GB RAM / 256GB Storage ဗားရှင်းအတွက် ယူရို ၅၅၀ (မြန်မာငွေ ရှစ်သိန်းကိုးသောင်း) ကျသင့်မယ်လို့ သတင်းထွက်လာပါတယ်။

အဆိုပါ Leak ထဲမှာပဲ Asus Zenfone 7 Pro မှာ 6/128GB ဗားရှင်းလည်း ရှိဦးမှာဖြစ်ပြီး အခြေခံမော်ဒယ်လို့ ယူဆရတဲ့ ဒီဟန်းဆက်ဟာ ယူရို ၅၀၀ (မြန်မာငွေ ၈ သိန်း) သတ်မှတ်လာမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Snapdragon 865+ ကိုတော့ ဆက်သုံးစွဲထားဖို့ မျှော်လင့်ရပြီး ဘက္ထရီက 5,000 mAh ဖြစ်မှာပါ။

Zenfone 7 လို့ ယူဆရတဲ့ Asus I002D ဟန်းဆက်ဟာ Geekbench ပေါ်ကို ရောက်ရှိလာခဲ့ပြီး Snapdragon 865 (လျှို့ဝှက်အမည် Kona) နဲ့ 8GB RAM အသုံးပြုထားတာ တွေ့ခဲ့ရပါတယ်။ Software ကတော့ Android 10 ပဲဖြစ်ပြီး Stock ဗားရှင်းနီးပါး ဖြစ်ပါတယ်။

Zenfone 7 ဖုန်းနှစ်လုံးဟာ သူတို့ထက် စျေးအနည်းငယ်မြင့်တဲ့ OnePlus ဖုန်းတွေအတွက် ပြိုင်ဘက်ကောင်းတွေ ဖြစ်လာနိုင်ပေမယ့် လောလောဆယ် Display နဲ့ ကင်မရာ စတာတွေကို သေချာ မသိရသေးပါဘူး။ မနှစ်ကတော့ ရှေ့နဲ့နောက် နှစ်မျိုးလုံး အသုံးပြုနိုင်မယ့် Flip ကင်မရာကို အသုံးပြုထားတာ သတိရစရာပါ။

Asus ကနေ ထုတ်ပြန်လာတဲ့ Teaser ဗီဒီယိုအရလည်း Zenfone 7 ဟာ Flip ကင်မရာကိုပဲ ဆက်သုံးလာမယ့်ပုံ ရှိပါတယ်။ Screen ပေါ်မှာ Notch နဲ့ Punch-hole တွေ မတွေ့ရပါဘူး။

Ref – GSMArena