Samsung ရဲ့ ၂၀၂၀ ခုနှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်း ပျမ်းမျှ စမတ်ဖုန်း ရောင်းဈေး [Average Selling Price (ASP) ] ဟာ အရင်နှစ်ကနဲ့ ယှဉ်ရင် ၈.၅ ရာခိုင်နှုန်း တက်လာတယ်လို့ Strategy Analytics ရဲ့ စစ်တမ်းအရ သိရပါတယ်။ ၂၀၁၉ ခုနှစ် နောက်ဆုံး ၃ လနဲ့ ယှဉ်ရင် ASP က ၂၀.၇ ရာခိုင်နှုန်း တက်သွားပါတယ်။
ဒါဟာ Samsung အတွက် ပြီးခဲ့တဲ့ ၆ နှစ်အတွင်း အမြင့်ဆုံး ASP ဖြစ်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ကွာတား ၁ မှာ Samsung ရဲ့ ASP ဟာ ၂၉၂ ဒေါ်လာ ဖြစ်ပြီး အရင်နှစ်က ၂၄၇ ဒေါ်လာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က ၂၅၁ ဒေါ်လာနဲ့ ၂၀၁၇ ခုနှစ်က ၂၄၃ ဒေါ်လာ ဖြစ်ပါတယ်။
ကွာတား ၁ မှာ Samsung ဟာ Galaxy S Models အသစ်တွေကို ရောင်းချခဲ့ပြီး Galaxy Z Flip နဲ့ Galaxy Fold လို တခြား စွမ်းရည်မြင့် စမတ်ဖုန်းတွေကိုလည်း ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အဲဒီ Foldable စမတ်ဖုန်း ၂ လုံးဟာ Samsung ရဲ့ ဈေးအကြီးဆုံး စမတ်ဖုန်း ၂ လုံး ဖြစ်သလို ASP ကလည်း မြင့်ပါတယ်။
ASP မြင့်တဲ့အတွက် Samsung ဟာ တစ်ကမ္ဘာလုံး စမတ်ဖုန်း ရောင်းအားကနေ ဝင်ငွေများစွာ ရခဲ့ပါတယ်။ Samsung ဟာ ကွာတား ၁ မှာ ဖုန်းဈေးကွက် ဝင်ငွေရဲ့ ၂၂.၁ ရာခိုင်နှုန်းကို အုပ်စိုးထားနိုင်ပြီး အရင်နှစ်ကတော့ ၂၁.၇ ရာခိုင်နှုန်းပဲရခဲ့တာပါ။
Ref : gsmarena