Google ဟာ မနှစ်တုန်းက Pixel 3a စမတ်ဖုန်းကို $399 နဲ့ရောင်းချခဲ့ပြီးတော့ Mid Range ဖုန်းတွေထဲမှာ ရောင်းအားအကောင်းဆုံးဖုန်းအဖြစ်နဲ့ပါ နေရာရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုနှစ်မှာတော့ Apple ကနေ iPhone SE (2020) ကို $399 နဲ့ ရောင်းချခဲ့တဲ့အတွက် Google ကနေ Pixel 4a ဖုန်းကို ပုံမှန်မိတ်ဆက်ရမယ့်အချိန်ဖြစ်တဲ့ မေလဝန်းကျင်ကနေ ဆက်တိုက်ကို Delay ပြုလုပ်ခဲ့ပါတယ်။

အစောပိုင်းတုန်းက Google ကနေ Pixel 4a ဖုန်းကို လာမယ့်ဇူလိုင်လ ၁၃ ရက်နေ့မှာ မိတ်ဆက်သွားပြီးတော့ Just Black အရောင်ကို သြဂုတ်လ ၆ ရက်နေ့နဲ့ Barely Blue အရောင်ကိုတော့ အောက်တိုဘာလ ၁ ရက်နေ့မှာ မိတ်ဆက်သွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Google ကနေ Barely Blue အရောင်ကို ရောင်းချသွားတော့မှာမဟုတ်ဘဲ Just Black အရောင်ကိုလည်း သြဂုတ်လ ၆ ရက်နေ့အစား အောက်တိုဘာလ ၂၂ ရက်နေ့မှပဲ ရောင်းချသွားတော့မယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း မိတ်ဆက်မယ့်အချိန်ကတော့ ဇူလိုင်လ ၁၃ ရက်နေ့မှာပဲ မိတ်ဆက်သွားမှာဖြစ်ပြီး မိတ်ဆက်မယ့်အချိန်နဲ့ ရောင်းချမယ့်အချိန်က လတွေအများကြီးကွာခြားနေတာက ထူးခြားနေပြန်ပါတယ်။

ပုံမှန်အားဖြင့် Google ဟာ အောက်တိုဘာလမှာ Pixel Flagship Series ဖုန်းတွေကို မိတ်ဆက်နေကြဖြစ်ပြီးတော့ အခုလိုမျိုး Pixel 4a ကို အောက်တိုဘာလမှာ ရောင်းချမယ်ဆိုရင် Pixel 5 နဲ့ပါ အတူရောင်းချသွားနိုင်ပါတယ်။ ဒါပေမယ့်လည်း Pixel 5 ဖုန်းကလည်း ပုံမှန်ထက်မိတ်ဆက်မယ့်အချိန်က နောက်ကျသွားမယ်ဆိုပြီး သတင်းတွေထွက်နေတဲ့အတွက် ဒါကလည်း ဖြစ်နိုင်ခြေတစ်ခုအနေနဲ့ပဲ ရှိနေတုန်းဖြစ်ပါတယ်။

Google ဟာ ပြီးခဲ့တဲ့နှစ်တုန်းက အခုအချိန်မှာ Pixel 4 ဖုန်းရဲ့ နောက်ဖက် Design ကိုပါ ကိုယ်တိုင်ထုတ်ပြခဲ့ပေမယ့် ယခုနှစ်မှာတော့ Pixel ဖုန်းတွေမိတ်ဆက်မယ့်အချိန်ကို ပြန်လည်ပြောင်းလဲနေတဲ့ပုံစံပါပဲ။

Ref – Phone Arena