PUBG လို့လူသိများတဲ့ PlayerUnknow’s Battlegrounds ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက “Mobile Game of the Year” ဆုကို ရရှိခဲ့ဖူးပါတယ်။ ပြိုင်ဘက်တွေဖြစ်တဲ့ Garena FreeFire နဲ့ Call of Duty: Mobile တို့လိုပဲ ဝင်ငွေအကောင်းဆုံး အက်ရှင်ဂိမ်း တစ်ခုအဖြစ် အိန္ဒိယမှာ အောင်မြင်ခဲ့တာပါ။

ဒါပေမဲ့ PUBG ဟာ အိန္ဒိယအာဏာပိုင်တွေရဲ့ အမျက်တော်ရှမှုနဲ့အတူ လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်တုန်းက ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ အဓိကအကြောင်းရင်းကတော့ ကုမ္ပဏီဟာ အိန္ဒိယကစားသမားတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အိန္ဒိယပြင်ပနေရာတွေဆီ တရားမဝင်လွှဲပြောင်းပေးတယ်ဆိုတဲ့ အချက်ပါပဲ။ အမျိုးသားလုံခြုံရေးခေါင်းစဉ်အောက်ကိုရောက်သွားတဲ့အတွက် ပြဿနာအကြီးကြီးဖြစ်သွားရတာပါ။

ဒါကြောင့် ကုမ္ပဏီဟာ PUBG ကို ဖျက်သိမ်းပြီး Battlegrounds Mobile India ဆိုတဲ့ နာမည်နဲ့အတူ ပြန်လည်မွမ်းမံပြီး အိန္ဒိယနိုင်ငံတွင်းကို ပြန်ဝင်ခဲ့ပါတယ်။ နာမည်အသစ်နဲ့ ဂိမ်းမှာ အိန္ဒိယယဉ်ကျေးမှုနဲ့ကိုက်ညီတဲ့၊ အိန္ဒိယအစိုးရရဲ့ ကန့်သတ်ချက်တွေနဲ့လျော်ညီတဲ့ ပြုပြင်ပြောင်းလဲမှုတွေလည်း ပြုလုပ်ထားပါတယ်။ ဒါပေမဲ့ နာမည်ပြောင်းထားလည်း အဟောင်းကအဟောင်းပဲမို့ အိန္ဒိယအစိုးရက ဂျောင်းခိုင်းလိုက်ပြန်ပြီ ဖြစ်ပါတယ်။

The Economic Times ရဲ့ ဖော်ပြချက်အရ အချုပ်အခြာအာဏာပိုင် အကျိုးစီးပွား၊ နိုင်ငံခြားဆက်ဆံရေးနဲ့ ထုတ်ဝေသူ ချိုးဖောက်မှုတွေလိုမျိုး ဦးစားပေးကဏ္ဍတွေဖြစ်တဲ့ သတင်းအချက်အလက်နည်းပညာဥပဒေပုဒ်မ 69A မှာ ခွင့်ပြုထားတဲ့အတိုင်း ဖြုတ်ချဖို့ အိန္ဒိယအစိုးရက အမိန့်ပေးထားတယ်လို့ သိရပါတယ်။ Google ကလည်း အိန္ဒိယက Play Store မှာ အဆိုပါဂိမ်းကို ဖယ်ရှားဖို့အမိန့်ကို လိုက်နာကြောင်း အတည်ပြုခဲ့ပါတယ်။ Apple App Store ကလည်း BGMI ကို ဖယ်ရှားခဲ့ပြီးဖြစ်တာကို တွေ့ရပါတယ်။

Ref: Android Police