တရုတ်နိုင်ငံဟာ တစ်နာရီကို ကီလိုမီတာ ၆၀၀ (မိုင် ၃၇၃) အထိ မောင်းနှင်နိုင်တဲ့ ရှေ့ပြေး မက်ဂလက်ဖ်ရထား (သံလိုက်ရထား)တစ်စင်းကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒါဟာ အမြန်ရထားနည်းပညာမှာ ကမ္ဘာ့ထိပ်တန်းဖြစ်လာဖို့ နိုင်ငံရဲ့ ရည်မှန်းချက်အတွက် အရေးပါတဲ့ ရှေ့ခြေတစ်လှမ်းလည်း ဖြစ်ပါတယ်။
ပေကျင်းမြို့မှာကျင်းပတဲ့ ၁၇ ကြိမ်မြောက် ခေတ်မီမီးရထားပြပွဲမှာ လူထုရှေ့မှောက် ပထမဆုံးချပြခဲ့တဲ့ အဲဒီရထားသစ်ဟာ တိုင်းပြည်ရဲ့ အစဉ်အဆက် အမြန်ဆုံး ကုန်းလမ်းသွားယာဉ် ဖြစ်လာဖို့ ရှိပါတယ်။
အဲဒီရထားကို အစိုးရပိုင် China Railway Rolling Stock Corporation (CRRC) က ထုတ်လုပ်တာဖြစ်ပြီး လက်ရှိ အမြန်ရထားနဲ့ လေကြောင်းခရီးသွားလာမှုကြားက အမြန်နှုန်းကွာဟချက်ကို ဖြည့်ဆည်းပေးဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ သွယ်လျပြီး လေခွင်းအားကောင်းတဲ့ ဒီဇိုင်းက လေရဲ့တားဆီးမှုကို အနည်းဆုံးဖြစ်စေပြီး အရင်ကမရှိဖူးတဲ့ အမြန်နှုန်းတွေရအောင် စွမ်းဆောင်နိုင်စေပါတယ်။
ဒီစီမံကိန်းက တရုတ်နိုင်ငံရဲ့ မြို့ကြီးတွေကြား သွားလာချိန်ကို သိသိသာသာ လျှော့ချဖို့ ရည်ရွယ်ပါတယ်။ ဥပမာအနေနဲ့ လက်ရှိ အမြန်ရထားနဲ့ ၅ နာရီခွဲလောက် သွားရတဲ့ ကီလိုမီတာ ၁,၂၀၀ ရှည်တဲ့ ပေကျင်း-ရှန်ဟိုင်းခရီးစဉ်ကို ၂ နာရီခွဲလောက်အထိ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ဒီအမြန်နှုန်းကို မြန်မာပြည်တွင်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကီလိုမီတာ ၆၂၅ လောက်ဝေးတဲ့ ရန်ကုန်-မန္တလေး ခရီးစဉ်ကို အဲဒီရထားနဲ့သွားမယ်ဆိုရင် တစ်နာရီကျော်ကျော်လောက်ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။
CRRC က အကြီးတန်းအင်ဂျင်နီယာ ရှောက်နန်ရဲ့ ပြောကြားချက်အရ အဲဒီမက်ဂလက်ဖ်ရထားကို လက်ရှိရထားလမ်းကွန်ရက်ကို ဖြည့်စွက်ပေးမယ့် “မြို့ကြီးတစ်မြို့ကနေ နောက်တစ်မြို့ကို တိုက်ရိုက်သွားလာနိုင်တဲ့” ပို့ဆောင်ရေးကိရိယာတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ အထူးသဖြင့် ကီလိုမီတာ ၂,၀၀၀ အောက် ခရီးစဉ်တွေအတွက် လေကြောင်းခရီးရဲ့ အမြန်နှုန်းနဲ့ ရထားခရီးရဲ့ အချိန်မှန်မှု၊ စိတ်ချရမှုတွေကို ပေါင်းစပ်ပေးထားတဲ့ သွားလာရေးပုံစံတစ်ခုကို ဖန်တီးပေးဖို့က ရည်ရွယ်ချက်ဖြစ်ပါတယ်။
ကနဦး အင်ဂျင်နီယာပိုင်း အဆင့်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ အပြီးသတ်ခဲ့ပေမယ့် စီးပွားဖြစ်ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ဘေးကင်းလုံခြုံမှုနဲ့ လက်တွေ့လည်ပတ်နိုင်မှုဆိုင်ရာ စမ်းသပ်မှုတွေ အများကြီးလုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။ လူအများအသုံးပြုနိုင်မယ့် တရားဝင်နေ့ရက်ကိုတော့ ကြေညာထားတာ မရှိသေးပါဘူး။
Ref : South China Morning Post