Google ဟာ Pixel 4a ကို သြဂုတ်လ ၃ ရက်နေ့မှာ တရားဝင် မိတ်ဆက်တော့မှာပါ။ ဒီဟန်းဆက်နဲ့ပတ်သက်ပြီး ဘယ်လိုပုံစံရှိတယ်ဆိုတာကို Render တွေကတစ်ဆင့် သိနိုင်ပေမယ့် တရားဝင်ထွက်သေးတာမဟုတ်တော့ အခုအချိန်ထိ အသေးစိတ် သိနိုင်သေးတာ မဟုတ်ပါဘူး။

ဒါပေမယ့် Accessory တွေ ထုတ်လုပ်တဲ့ Spigen က Pixel 4a ရဲ့ အနီးကပ်ပုံတစ်ပုံကို တင်လိုက်ပါတယ်။ ဒီပုံမှာတော့ Case နဲ့အတူတွဲထားတဲ့ Pixel 4a ရဲ့ ခလုတ်တွေရှိနေပုံ၊ မျက်နှာပြင်ပုံစံနဲ့ အပေါ်ဘယ်ဘက်ထောင့်က Selfie ကင်မရာပုံတွေကို အနီးကပ် ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ Spigen ရဲ့ ပုံမှာတော့ Pixel 4a ဟာ Pixel 4 XL ထက် ပိုပြီးကြည့်လို့ကောင်းနေပါတယ်။

Case ထုတ်လုပ်သူတွေဟာ ဟန်းဆက်ရဲ့ ရှေ့ပြေးပုံစံကိုယူပြီး မှ Case တွေထုတ်လုပ်ရတာပါ။ သူတို့ဆီမှာရှိတဲ့ ရှေ့ပြေးပုံစံဟာ အမှန်တကယ်ထွက်လာမယ့် ဟန်းဆက်နဲ့ ရာနှုန်းပြည့်နီးပါး တူညီပါတယ်။ အထူးသဖြင့် ခလုတ်တွေနေရာချထားမှု၊ ကင်မရာနေရာချထားမှုနဲ့ ဟန်းဆက်ရဲ့ အရွယ်အစားတွေက အတိအကျ တူညီကြပါတယ်။

ဒီလိုမျိုး ရှေ့ပြေးပုံစံတွေရှိနေတာကြောင့် ကနဦးသတင်းတွေမှာ Pixel 4a ရဲ့ White မော်ဒယ်ကို တွေ့မြင်ခဲ့ကြရတာပါ။ နောက်ထပ်တွေ့ခဲ့ကြတဲ့ Barely Blue မော်ဒယ်ကလည်း White မော်ဒယ်လိုပဲ ပယ်ဖျက်ခံရနိုင်ပါတယ်။ အခုနောက်ဆုံးသတင်းထွက်လာတဲ့ Black ဗားရှင်းကပဲ အမှန်တကယ် ထွက်လာနိုင်တယ်လို့ ယူဆရပါတယ်။

Spigen ရဲ့ ပုံမှာတော့ Pixel 4a ဟာ အတော်လေးကျဉ်းမြောင်းတဲ့ Bezel တွေနဲ့ဖြစ်ပါတယ်။ အခုထိထွက်ပေါ်ထားတဲ့ သတင်းတွေအရဆိုရင်တော့ Snapdragon 730 နဲ့ Pixel 4a ဟာ 6GB/128GB အမျိုးအစားကို $349 (၄ သိန်း ၇သောင်းခွဲဝန်းကျင်) ကျသင့်မယ်လို့ ဆိုထားတာကြောင့် ဈေးနှုန်းချိုသာတဲ့ Midrange အမျိုးအစားလို့ ဆိုရမှာပါ။ အကယ်၍ 64GB အမျိုးအစားရှိခဲ့မယ်ဆိုရင် ပိုပြီး ဈေးသက်သာနိုင်ပါတယ်။

Pixel 4a ဟာ 5.81-inch OLED မျက်နှာပြင်နဲ့ဖြစ်ပြီး Punch-hole ထဲက Selfie ကင်မရာက 8MP ဖြစ်ပါတယ်။ ကျောဘက်မှာလည်း 12.2MP ကင်မရာတစ်လုံးတည်း ရှိနေမှာပါ။ Fingerprint sensor ကိုလည်း ကျောဘက်မှာပဲ တပ်ဆင်ထားပြီး ဘက်ထရီပမာဏက 3,080mAh ဖြစ်တယ်လို့ သိရပါတယ်။ Google ရဲ့ Pixel 4a ဟာ လက်ရှိ 4G LTE ဟန်းဆက်တွေကြားမှာ ဘယ်လောက်ထိ ထိုးဖောက်နိုင်မလဲဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။

Ref: Phone Arena