Samsung ကနေ Galaxy J Series ထုတ်လုပ်မှုကိုရပ်ဆိုင်းခဲ့ပြီး Galaxy A Series အနေနဲ့ပဲ ပြောင်းလဲခဲ့တာ အခုဆိုရင် နှစ်အနည်းငယ်ရှိနေပြီဖြစ်ပါတယ်။ လောလောဆယ်မှာ Samsung အတွက် ရောင်းအားအကောင်းဆုံးဖုန်းတွေဆိုရင်လည်း Flagship S Series နဲ့ Note Series ဖုန်းတွေအစား Galaxy A Series ဖုန်းတွေလို့တောင် ပြောရမှာပါ။

အခုလည်း Samsung ကနေ Galaxy A Series Mid Range ဖုန်းတွေမှာ အသုံးဝင်တဲ့ Feature တစ်ခုကို ထည့်သွင်းပေးသွားတော့မှာဖြစ်ပါတယ်။ ဒါကတော့ လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ မိတ်ဆက်လာမယ့် Galaxy A Series ဖုန်းတွေက Camera Stabilization Feature တစ်ခုဖြစ်တဲ့ OIS ပါဝင်လာတော့မှာပဲဖြစ်ပါတယ်။

အဆိုပါ OIS (Optical Image Stabilization) ဟာ လက်ရှိအချိန်မှာ Flagship ဖုန်းတွေမှာပဲ တွေ့ရသေးတဲ့ Feature တစ်ခုဖြစ်ပြီး ပုံမှန်ဓါတ်ပုံရိုက်တဲ့အချိန်မှာ လက်မငြိမ်တာနဲ့ Night Mode ပိုင်းမှာ သိသိသာသာကိုပိုကောင်းလာစေမှာဖြစ်ပါတယ်။ လောလောဆယ်မှာ တခြားသောစမတ်ဖုန်းထုတ်လုပ်သူတွေရဲ့ Mid Range ဖုန်းတွေမှာလည်း OIS Feature ကို ထည့်သွင်းထားတာကို စတင်တွေ့နေရပါပြီ။

ယခုသိရှိရတဲ့သတင်းအရတော့ လက်ရှိ Galaxy A71 ၊ Galaxy A81 (Galaxy Note 10 Lite) နဲ့ Galaxy A91 (Galaxy S10 Lite) စမတ်ဖုန်းတွေကို အစားထိုးလာမယ့် Galaxy A Series ဖုန်းတွေမှာ OIS ကို ထည့်သွင်းထားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လက်ရှိ Galaxy A Series ဖုန်းတွေထဲမှာ စျေးသက်သာပြီး ရောင်းအားအကောင်းဆုံးဖြစ်နေတဲ့ Galaxy A51 ရဲ့ မျိုးဆက်သစ်ဖုန်းမှာတော့ ပါဝင်ဦးမှာမဟုတ်သေးပါဘူး။

Ref – Gizmo China