ChatGPT ကို မိတ်ဆက်လိုက်တော့ နယ်ပယ်အတော်များများမှာ ဟိုးလေးတကျော် ဖြစ်ကုန်ကြပါတယ်။ ကုမ္ပဏီတချို့နဲ့ သာမန်အသုံးပြုသူတချို့ကတော့ AI နဲ့ပတ်သက်ပြီး စိုးရိမ်သောက ဖြစ်ကြပါတယ်။ ဒါပေမဲ့ Bill Gates ကတော့ ဒေါ်လာ ၁၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံခဲ့တာပဲ ဖြစ်ပါတယ်။

အခုတော့ Bing မှာလည်း ပေါင်းစပ်ထားသလို၊ Opera လည်း အလားတူပါပဲ။ လူအများစုကလည်း AI ဟာ တခြားအခြေအနေတွေမှာ အသုံးဝင်မယ်လို့ ယုံကြည်နေကြပြီး ဘယ်လိုနေရာမျိုးတွေမှာ အစားထိုးဝင်ရောက်သွားမလဲဆိုတာကိုလည်း သိချင်နေကြပါတယ်။ အကြောင်းကတော့ စမ်းသပ်မှုမှာ ChatGPT ဟာ Law, Business နဲ့ MBA exam တွေကို အောင်မြင်ခဲ့လို့ပါပဲ။

ဒါပေမဲ့ ChatGPT မအောင်မြင်သေးတဲ့ နယ်ပယ်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ ဆေးပညာနယ်ပယ်ဖြစ်ပြီး စစ်ဆေးမှုကို ကျရှုံးခဲ့ပါတယ်။ ChatGPT မှာ ဆေးပညာဆိုင်ရာ နောက်ခံမရှိဘူးလို့ ဆိုရမှာပါ။ Ansible Health က ChatGPT ကို အမေရိကန်ပြည်ထောင်စုက အခက်ခဲဆုံးစာမေးပွဲတွေထဲကတစ်ခုဖြစ်တဲ့ USMLE (Medical Licensing Exam) နဲ့ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

USMLE စာမေးပွဲမှာ အပိုင်းသုံးပိုင်းပါဝင်ပြီး ပြင်ဆင်ချိန်က နာရီ ၃၀၀ ကနေ ၄၀၀ အထိ ကြာမြင့်တယ်လို့ သိရပါတယ်။ မေးခွန်းတွေမှာ အခြေခံဆေးပညာဗဟုသုတကနေ Paradoxes of bioethics အထိ ပါဝင်တယ်လို့ ဆိုပါတယ်။ AI ဟာ အောင်မြင်လုနီးပါးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အောင်မြင်မှုနှုန်းဟာ ၅၂% ကနေ ၇၅% ဖြစ်ပြီး စံသတ်မှတ်ချက်ကတော့ ၆၀% ဖြစ်ပါတယ်။

ဒါပေမဲ့ စာမေးပွဲမေးခွန်းတွေအရ ChatGPT ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဆိုးဆိုးရွားရွားမှားရုံသာမကဘဲ အသက်သေဆုံးစေနိုင်လောက်တဲ့အထိ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် သိပ်မဝေးတဲ့ အနာဂတ်ကာလမှာ AI ဟာ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနေရာမှာ အစားထိုးနိုင်ဦးမှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေအတွက်တော့ ဒေတာအရင်းအမြစ် တစ်ခုအဖြစ်နဲ့ ပိုပြီးအကူအညီပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizchina