တရုတ် ကားကုမ္ပဏီ Zhejiang Geely Holding Group က ပိုင်တဲ့ Consumer Electronics ကုမ္ပဏီ DreamSmart Group က စမတ်မျက်မှန်နဲ့ မိုဘိုင်းငွေပေးချေတဲ့ နည်းပညာကို မကြာခင် အသုံးပြုတော့မှာ ဖြစ်ပါတယ်။ အဲဒီ မျက်မှန်မှာ AI ဉာဏ်ရည်တု နည်းပညာကို အသုံးပြုထားမှာ ဖြစ်ပါတယ်။
DreamSmart က ဘဏ်တွေအတွက် Software တွေ ထုတ်လုပ်ပေးနေတဲ့ တရုတ်ကုမ္ပဏီ Ant Group နဲ့ ပူးပေါင်းပြီး AI စမတ်မျက်မှန်ကနေ ငွေပေးချေမှုတွေ ပြုလုပ်နိုင်အောင် ကြိုးစားနေပါတယ်။ အဲဒီနည်းပညာကို ဒီနှစ် ကွာတား ၃ မှာ StarV Air2 မျက်မှန်မှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်လို့ ကုမ္ပဏီရဲ့ XR( Extended Reality) စီးပွားရေး ဌာနရဲ့ အထွေထွေမန်နေဂျာ Guo Peng က ပြောပါတယ်။ Ant Group ဟာ South China Morning Post ရဲ့ ပိုင်ရှင် Alibaba Group Holding နဲ့ ချိတ်ဆက်ထားပါတယ်။
Guo က “ လူတွေရဲ့ နေ့စဉ်လူနေမှုဘဝမှာ ငွေပေးချေမှုကို နေ့တိုင်းပြုလုပ်နေကြတဲ့အတွက် ဒီနည်းပညာက အရေးကြီးပါတယ်။ အနာဂတ်မှာ AI မျက်မှန်ကို လူတွေက နေ့စဉ် တပ်ဆင် အသုံးပြုကြမှာ ဖြစ်ပါတယ်။ ဒီမျက်မှန်ကို အသုံးပြုနိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ “ လို့ ပြောပါတယ်။
StarV Air2 မှာ မျက်မှန်မှ ခလုတ်ကို နှိပ်လိုက်တာနဲ့ ငွေပေးချေနိုင်မှာ ဖြစ်ပြီး Voice Command နဲ့ ငွေပေးချေမှုကို အတည်ပြုရမှာ ဖြစ်ပါတယ်။ အဲဒီ မျက်မှန်ကို တရုတ်မှာ ၂,၇၉၉ ယွမ် (၃၈၄ ဒေါ်လာ)နဲ့ ရောင်းချပေးထားပြီး လက်ရှိအချိန်အထိ မျက်မှန် ၅၀,၀၀၀ ကျော် ရောင်းချထားပါတယ်။
Ref : Bangkokpost