စမတ်ဖုန်းလောကမှာ အဆင်မြင့် Foldable တွေကို လွယ်လွယ်ကူကူ ဝယ်ယူနိုင်ပြီဆိုပေမယ့် နောက်ထပ်မျှော်လင့်နေကြတာကတော့ အလယ်အလတ်တန်းစား Foldable တွေပဲ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ဈေးကွက်ထဲမှာရှိနေတဲ့ Foldable တွေဟာ လူအများစုလက်လှမ်းမမီတဲ့နေရာမှာ ရှိနေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ထုတ်လုပ်မှုနယ်ပယ်ထဲမှာတော့ Foldable စမတ်ဖုန်းတွေကို ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ ထုတ်လုပ်ဖို့ ကြိုးပမ်းနေကြပြီ ဖြစ်ပါတယ်။ ဒါကိုလည်း မကြာခဏဆိုသလို ရှေ့ပြေးပုံစံတွေအနေနဲ့ တွေ့မြင်နေရပါတယ်။ အခုတစ်ကြိမ်တွေ့မြင်ရတာကတော့ TCL ရဲ့ ရှေ့ပြေးပုံစံပါ။ TCL ကတော့ မျက်နှာပြင်ကို ခေါက်သိမ်းတာမဟုတ်ပါဘူး။

TCL (China Star Optoelectronic Technology ) ရဲ့ စမတ်ဖုန်းကတော့ Foldable ဆိုတာထက် Rollable display နဲ့ဖြစ်တာကို တွေ့မြင်ရပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက TCL ဟာ Display Technology Conference (DTC 2020) ကျင်းပခဲ့ပြီး၊ အဲဒီ ကွန်ဖရင့်မှာ Rollable display smartphone ကို အခြားထုတ်ကုန်တွေနဲ့အတူ ပါဝင်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ပြီးသွားတဲ့နောက် Rollable display smartphone ရဲ့ တရားဝင် Demo ဗီဒီယိုဟာ ပေါက်ကြားထွက်ပေါ်လာတာကို တွေ့မြင်ရပါတယ်။ ရှေ့ပြေးပုံစံအရ 6.7-inch AMOLED cloud scroll screen နဲ့ဖြစ်တာကိုလည်း တွေ့ရပါတယ်။ Demo အရ၊ မျက်နှာပြင်ဟာ အလျားလိုက်ဆွဲချဲ့သွားနိုင်ပြီး ပိုကြီးမားတဲ့ အရွယ်အစားကို ပြောင်းလဲသွားနိုင်တာ ဖြစ်ပါတယ်။

TCL ဟာ မျက်နှာပြင်အရွယ်အစားပြောင်းလဲမှုကို ချောချောမွေ့မွေ့ချိန်ညှိနိုင်တဲ့ Software ကို ရရှိခဲ့ပြီလို့ ယူဆရပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီ Rollable display နည်းပညာကို အသေးစိတ်ထုတ်ပြန်မှုမရှိသေးပေမယ့် မကြာခင်အချိန်အတွင်း အကြီးအကျယ်ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အကယ်၍ မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာမယ်ဆိုရင်တော့ CES 2021 ကစပြီး Rollable display phone တွေကို ဈေးကွက်ထဲမှာ မြင်တွေ့ရဖွယ်ရှိပါတယ်။

Ref: Gizmochina