DJI ဟာ လက်ရှိအချိန်မှာ Gimbal စျေးကွက်အပြင် Drone စျေးကွက်မှာပါ နာမည်ကောင်းရယူထားနိုင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက DJI ကနေ Mavic Mini 2 နာမည်နဲ့ Mini Drone အသစ်ကို မိတ်ဆက်လာနိုင်တယ်ဆိုပြီး သတင်းတွေထွက်ရှိနေတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ DJI Mavic Mini 2 မှာ ပါဝင်လာမယ့် Specs တွေအပြင် Unboxing Video တွေပါ ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ ထူးခြားတာတစ်ခုကတော့ DJI ကနေ Mavic Mini 2 အစား DJI Mini 2 ဆိုပြီးပဲ ခေါ်ဆိုထားတာကို တွေ့ရပါတယ်။

DJI Mini 2 ဟာ အရွယ်အစားအနေနဲ့ အလွန်သေးငယ်မှာဖြစ်ပြီး အလေးချိန်ကလည်း 249g ပဲရှိမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် တချို့သောနိုင်ငံတွေမှာလိုမျိုး Drone ကို Register ပြုလုပ်ဖို့လိုအပ်တဲ့ 250g Limit ကိုလည်း ကျော်လွန်ဦးမှာမဟုတ်ပါဘူး။ Design ပိုင်းအနေနဲ့ကတော့ ယခင် Mavic Mini နဲ့ ပိုပြီးဆင်တူနေမှာဖြစ်ပါတယ်။

DJI Mini 2 ဟာ 4K Video တွေကို ရိုက်ကူးနိုင်မှာဖြစ်တဲ့ 3-Axis Gimbal Camera ပါဝင်မှာဖြစ်ပြီး Camera Megapixels ကိုတော့ အတိအကျသိရှိရခြင်းမရှိပါဘူး။ ပျံသန်းနိုင်တဲ့ Range အနေနဲ့ 10km အထိရှိမှာဖြစ်ပြီး ပျံသန်းချိန်လည်း ၃၁ မိနစ်အထိရှိမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် DJI Mini 2 ဟာ ယခင် Mavic Mini လိုမျိုးပဲ အလွယ်တကူသယ်ယူသွားနိုင်တဲ့ Drone အနေနဲ့တော့ အောင်မြင်ဦးမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China