အခုရက်ပိုင်းမှာ Dota 2 ဂိမ်းကွန်မြူနတီအတွင်း ဆဲဆိုမှုတွေနဲ့ ရိုင်းစိုင်းတဲ့ စကားလုံးတွေ အသုံးပြုမှုဟာ အခြားသော ဂိမ်းတွေထက် ပိုများပြားနေတယ်ဆိုတဲ့ အချက်အလက်တွေ ထွက်လာခဲ့ပြီးနောက် ယနေ့မှာတော့ Valve ဟာ Dota 2 ဂိမ်းအတွက် ရိုင်းစိုင်းတဲ့ စကားလုံးတွေကို ဆင်ဆာဖြတ်ပေးမယ့် Filter ကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းပေးလိုက်ပါပြီ။

ဒါပေမယ့် ရွေးချယ်ခွင့်မရှိတာတော့ မဟုတ်ဘဲ လွတ်လွတ်လပ်လပ် ဆက်ပြီးပြောဆိုချင်သူတွေဟာလည်း Setting ထဲက Social ဆိုတဲ့ အပိုင်းသစ်ကို သွားပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ “Text Filtering” Feature မှာ ကိုယ်နဲ့ ပါတီတစ်ခုတည်း ဆော့နေသူတွေ၊ Guild တစ်ခုတည်းမှ အဖွဲ့ဝင်တွေနဲ့ သူငယ်ချင်းတွေဆီက Text တွေကလွဲရင် ကျန်တာကို Filter ခံတာ၊ အကုန်လုံးကို လွတ်လပ်စွာထားတာ စသဖြင့် ရွေးချယ်စရာတွေ ပါလာတာ မြင်ရမှာပါ။

Filter ခံဖို့ရွေးချယ်လိုက်ရင်တော့ အခြား အွန်လိုင်းမာလ်တီပလေယာ ဂိမ်းအများစုမှာလိုပဲ ဆဲဆိုတယ်လို့ AI က သတ်မှတ်ထားတဲ့ စကားလုံးတွေကို * ကြယ်ပွင့်များနဲ့ အစားထိုးပြသွားမှာဖြစ်ပါတယ်။

Dota 2 ဟာ ယှဉ်ပြိုင်မှုမြင့်မားပြင်းထန်သလောက် ပျမ်းမျှပွဲချိန်လည်း ပိုမိုကြာမြင့်တဲ့ ဂိမ်းတစ်ခုပါ။ ဒါ့အပြင် Pro ပွဲမဟုတ်တဲ့ သာမာန် Public Match တွေမှာ Mobile MOBA တွေလို Surrender လုပ်ခွင့်မရှိဘဲ Ancient ကျိုးပြီး မရှုံးမခြင်း ဆော့ရတာကြောင့်ရော၊ ကွန်ပြူတာကီးဘုတ်နဲ့ ဆော့ရတဲ့အတွက် စာရိုက်ရတာ ပိုလွတ်လပ်လို့ရော ဆဲဆိုမှုတွေ များပြားနေတာဖြစ်နိုင်တယ်လို့ စာရေးသူကတော့ သုံးသပ်ချင်ပါတယ်။