ဆိုရှယ်မီဒီယာအသုံးပြုမှုတွင်ကျယ်လာတာ ကောင်းသလား၊ မကောင်းဘူးလားဆိုတဲ့မေးခွန်းအတွက် အပြန်အလှန်ငြင်းခုန်သံတွေ ကျယ်လောင်နေတုန်းမှာပဲ “Social Media Detox” ဆိုတဲ့ဝေါဟာရကလည်း တဖြည်းဖြည်း ပျံ့နှံ့လာတာကို တွေ့မြင်နေရပါတယ်။

“တန်ဆေး၊ လွန်ဘေး” ဆိုတဲ့အတိုင်းပဲ ဆိုရှယ်မီဒီယာကို အလွန်အကျွံသုံးစွဲရင် ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်စေတာတော့ အမှန်ပါပဲ။ သုံးတတ်တဲ့သူအတွက် “ဆေး” ဖြစ်ပြီး၊ မသုံးတတ်တဲ့သူအတွက် “ဘေး” ဖြစ်စေတာကြောင့် အသိပညာပေးနေကြတဲ့ကြားထဲက လူမှုကွန်ရက်စွဲလမ်းမှုကို ဖြတ်တောက်ဖို့ခက်နေတဲ့သူတွေ အမြောက်အများပေါ်ပေါက်နေတာပါပဲ။

AT&T ကတော့ လူမှုကွန်ရက်တွေကို ၂၅ ရက်တိတိ အသုံးမပြုဘဲနေမယ်ဆိုရင် ဆုကြေး $2,500 ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီပြိုင်ပွဲထဲကိုဝင်ရောက်ချင်သူတွေအနေနဲ့ ဖော်ပြထားတဲ့ Link မှာ နောက်ဆုံးရက်ဖြစ်တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်မတိုင်မီ သွားရောက်စာရင်းသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ အထင်ကရ Sales agent တွေရဲ့ အရောင်းမြှင့်တင်ရေးလုပ်ရပ်တစ်ခုဆိုပေမဲ့ Social Media Detox အတွက် ကြိုးပမ်းမှုကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

Social Media Detox အတွက် ရွေးချယ်ခံရသူကို နိုဝင်ဘာ ၁ ရက်နေကစပြီး E-mail နဲ့ အကြောင်းကြားမှာဖြစ်ပါတယ်။ ရွေးချယ်ခံရသူဟာ ၂၅ ရက်တာကာလအတွင်း စိတ်ခံစားချက်နဲ့ လှုပ်ရှားမှုတွေကိုခြေရာခံဖို့ (ပြိုင်ပွဲကျင်းပသူက) စီစဉ်ထားတဲ့ Special application ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ သတ်မှတ်အချိန်ပြည့်သွားရင်တော့ လူမှုကွန်ရက်စွဲလမ်းမှုကို ဖြတ်တောက်ရာမှာ ဘာတွေကြုံတွေ့ရတယ်၊ ဘာတွေခံစားရတယ်ဆိုတဲ့အကြောင်းကို ဗီဒီယိုနဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ ရှင်းလင်းပြောပြရမှာဖြစ်ပါတယ်။

ဒီပွဲမှာပါဝင်သူက ပထမဆုံးငါးရက်မှာ ခံစားချက်တွေမပြောင်းလဲဘဲ အရင်တုန်းကအတိုင်း လုပ်နေပါလိမ့်မယ်။ ဒါပေမဲ့ ၂၅ ရက်ကျော်သွားရင်တော့ ဖုန်း၊ တက်ဘလက်တွေက Social media app တွေကို ဖျက်ပစ်လိမ့်မယ်လို့ ဆိုပါတယ်။ MYTech Myanmar မှာလည်း “လူမှုကွန်ရက်စွဲလမ်းခြင်းကို ကျော်လွှားနိုင်မဲ့ နည်းလမ်းအချို့” ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားအကြံပြုခဲ့ဖူးတာကို ဒီနေရာမှာဖတ်ရှုနိုင်ပါတယ်။

Ref: Phone Arena