လူမှုကွန်ရက်တွေဟာ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကို ပိုပြီးကျယ်ပြန့်စေ၊ ချောမွေ့စေသလို၊ ဖျော်ဖြေရေးအနေနဲ့လည်း ကောင်းကောင်းအသုံးချနိုင်တဲ့အရာတွေ ဖြစ်ပါတယ်။ Facebook, Twitter, Instagram စတာတွေဟာ ဒီဂျစ်တယ်လောကမှာတော့ ဆူညံပွက်လောရိုက်နေတဲ့ ရပ်ကွက်တွေလိုပါပဲ။

လူမှုကွန်ရက်တွေမှာ ကောင်းကွက်၊ အားသာချက်တွေရှိနေပေမဲ့ သုံးစွဲသူတွေကို စွဲလမ်းစေတဲ့ ဆိုးကျိုးလည်း ရှိပါတယ်။ အကယ်၍ စာဖတ်သူဟာ လူမှုကွန်ရက်တွေကို စွဲလမ်းလွန်းနေပြီဆိုရင်တော့ အခုဖော်ပြလိုက်တဲ့ အချက်တွေကို အသုံးချကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒါဟာ လူမှုကွန်ရက်စွဲလမ်းလွန်းတာကို လျှော့ချပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

မသုံးတဲ့ လူမှုကွန်ရက်အကောင့်တွေကို အရင်ဖျက်ပါ

ဒီအကြံဉာဏ်က Marketing Director ဖြစ်တဲ့ Marie Potter က ကနေဒါက Professional Organizer တွေကို ပေးတဲ့အကြံဉာဏ်ပါ။ မသုံးတဲ့ လူမှုကွန်ရက်အကောင့်တွေကို ဖျက်ဖို့ပဲ ဖြစ်ပါတယ်။ “ဗြုတ်စဗျင်းတောင်း ဖြစ်နေတဲ့ လူမှုကွန်ရက်အကောင့်တွေကို ရှင်းဖို့ တစ်နေ့ကို ၁၀ မိနစ်လောက်တော့ အချိန်ယူပါ” လို့ ဆိုပါတယ်။ ဒီခြေလှမ်းဟာ အရေးမပါဘူးလို့ ထင်ရပေမဲ့ တစ်နည်းအားဖြင့် “Digital clutter” ကို စပြီးရှင်းတဲ့ ပထမဦးဆုံး ခြေလှမ်းဖြစ်ပါတယ်။

ပန်းတိုင်တွေချမှတ်တဲ့အခါ လက်တွေ့ကျပါစေ

လူမှုကွန်ရက်ကို အဆက်ဖြတ်မဲ့အစား “အသေးစားဆုံးဖြတ်ချက်”လေးတွေချမှတ်ပြီး အရင်ဦးဆုံး အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ ဥပမာအားဖြင့် တစ်နေ့မှာ မိနစ် ဘယ်လောက်ပဲ လူမှုကွန်ရက်ကို အသုံးပြုမယ်ဆိုတဲ့ အကန့်အသတ်ကို ချမှတ်ပြီး၊ လိုက်နာနိုင်အောင်ကြိုးစားသင့်ပါတယ်။ အလုပ်ချိန်ပြင်ပရောက်မှ အသုံးပြုတာမျိုး၊ နေ့လယ်ခင်း ထမင်းစားချိန်၊ ညနေစောင်း ကော်ဖီသောက်ချိန်မျိုးမှ အသုံးပြုတာမျိုးဆိုရင် လုပ်ငန်းခွင်အတွက်လည်း ပိုပြီး အကျိုးရှိမှာအမှန်ပါပဲ။

လူမှုကွန်ရက်ရဲ့ Notification တွေကို ပိတ်ထားပါ

Noti တေွ တက်တက်လာတာကလည်း လူမှုကွန်ရက်ကို အဆက်အသွယ်ဖြတ်ဖို့၊ ဒါမှမဟုတ် အသုံးပြုချိန်လျှော့ချဖို့ ကြိုးစားနေသူတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါပဲ။ Noti တစ်ခုတက်လာတိုင်း စိတ်က လူမှုကွန်ရက်ဆီရောက်ရောက်သွားတာထက်စာရင် Noti ကို ပိတ်ထားတာက ပိုပြီးအလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်ကတော့ လူမှုကွန်ရက်အသုံးပြုချိန်ကို သတိပေးမဲ့ Third-party app တစ်မျိုးမျိုး အသုံးပြုထားတာကလည်း ကောင်းမွန်တဲ့ရွေးချယ်မှုလို့ ဆိုပါတယ်။

ကုန်ကြမ်းအဖြစ်မခံပါနဲ့

လူမှုကွန်ရက်မှာ အပြန်အလှန်စကားများ၊ ရန်ဖြစ်နေကြတာကလည်း အချိန်ပိုကုန်စေသလို၊ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်သဘောမတူတာကိုတွေ့ရင် စိတ်လိုက်မာန်ပါ မှတ်ချက်ပေးတာမျိုး မပြုလုပ်မိဖို့ ထိန်းသိမ်းသင့်ပါတယ်။ ကိုယ့်ရဲ့ မှတ်ချက်တစ်ခုဟာ တစ်ခြားသူအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်စေသလို၊ ကိုယ်ကိုယ်တိုင်အတွက်လည်း ရန်ပွဲထဲပါဝင်သွားဖို့ ကုန်ကြမ်းကြီးဖြစ်နေတတ်ပါတယ်။ ဒါကြောင့် Potter က “Don’t feed the trolls” ဆိုပြီး သတိပေးခဲ့တာပါ။

Friends List ကို စိစစ်ပြီး Follow List ကို ရှင်းထုတ်ပါ

ကိုယ်နဲ့ လုံးဝမသိကျွမ်းသလို၊ ကိုယ့် Type နဲ့ လုံးဝမကိုက်ညီတဲ့ အကောင့်တွေကို ကိုယ့်ရဲ့ Friends List ထဲကနေ မြန်မြန်ဆန်ဆန်ဖယ်ထုတ်ထားတာက အချိန်ကုန်သက်သာစေ၊ သတင်းအချက်အလက် ရှုပ်ထွေးဖောင်းပွခြင်းကို လျော့ကျစေပါတယ်။ တစ်နည်းအားဖြင့် အပိုအရှုပ်တွေကို ရှင်းထုတ်လိုက်တာပါပဲ။ Follow List ကိုလည်း ကိုယ့်အတွက်အကျိုးများစေမဲ့စားရင်းပဲချန်ထားပြီး ကျန်တာတွေကိုရှင်းထုတ်လိုက်မယ်ဆိုရင် အချိန်ကုန်သက်သာသလို၊ လူမှုကွန်ရက်အသုံးပြုချိန်ကိုလည်း လျော့ကျသွားစေမှာ ဖြစ်ပါတယ်။

သင်ရဲ့ Device နဲ့ သင့်ကြားမှာ အကွာအဝေးတစ်ခု ဖန်တီးထားပါ

ဖုန်းကောက်ကိုင်လိုက်တာနဲ့ လူမှုကွန်ရက်တစ်ခုခုကို ဝင်ကြည့်လိုက်မိတာမျိုးက လူအတော်များများမှာ ဖြစ်တတ်ကြမှာပါ။ ThriveGlobal.com ရဲ့တည်ထောင်သူနဲ့ စာရေးသူ Arianna Huffington က မေးခွန်းတစ်ခုမေးပါတယ်။ “အိပ်ရာဘေးနားမှာ စမတ်ဖုန်းထားပြီးအိပ်နေသလား” တဲ့။ သူမကတော့ ရှိတဲ့ Device တွေအားလုံးကို အခန်းအပြင်ထုတ်၊ အခန်းတံခါးပိတ်ပြီး အိပ်ပါတယ်တဲ့။ ဒီနည်းက သူမကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတဲ့အပြင် အာရုံစူးစိုက်မှုကိုလည်း အားကောင်းစေတယ်လို့ ဆိုပါတယ်။ နေ့ဘက်ဆိုရင်တော့ ဖုန်းကိုအလွယ်တကူ မယူနိုင်တဲ့နေရာမျိုးမှာထားဖို့ Potter က အကြံပြုထားပါတယ်။

လူမှုကွန်ရက်နဲ့ ရက် ၃၀ အဆက်ဖြတ်တဲ့နည်းလမ်းကို စဉ်းစားပါ

လူမှုကွန်ရက်စွမ်းလမ်းမှုကို ကုစားတဲ့နေရာမှာ ရက် ၃၀ အဆက်ဖြတ်တဲ့နည်းကလည်း အတော်လေး ထိရောက်တဲ့နည်းလို့ ဆိုပါတယ်။ ဒီလိုမျိုး ရက်ပေါင်း ၃၀ အဆက်ဖြတ်မယ်ဆိုတာကို ကိုယ့် Friend List ကို အသိပေးထားခြင်းက သူတို့နဲ့ဆက်သွယ်ဖို့ အခြားနည်းလမ်းတွေ ဖြစ်ပေါ်လာစေမယ်လို့ Potter က ဆိုပါတယ်။ “နောက်ဆုံးရက်ကို သတ်မှတ်ပြီး ပိတ်ချလိုက်ပါ။ သင့်ရဲ့တစ်နေ့တာမှာ လူတွေနဲ့ အရေးကြီးတဲ့အရာတွေအပေါ် အာရုံစိုက်ဖို့ အချိန်ဘယ်လောက်ပြန်ရမလဲဆိုတာတွေ့ပြီး အံ့အားသင့်သွားလိမ့်မယ်” လို့ Potter က ထပ်ပြီးမီးမောင်းထိုးပြထားပါတယ်။

Ref: Readers digest