ဥရောပစမတ်ဖုန်းဈေးကွက်ဟာ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း နှစ်တစ်နှစ်ရဲ့ အဆိုးရွားဆုံးပထမသုံးလပတ်ကို ကြုံတွေ့ခဲ့ရတယ်လို့ Counterpoint Research က လေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။ ဒါတင်မကသေးပါဘူး ဥရောပဈေးကွက်အနေနဲ့ အကောင်းဘက်ကိုပြန်မရောက်ခင်မှာ ပိုပြီးတော့ဆိုးရွားလာတာကိုလည်း ကြုံတွေ့ကြရဦးမယ်လို့ ဟောကိန်းထုတ်ထားပါသေးတယ်။

ဥရောပဈေးကွက်ဟာ ပြီးခဲ့တဲ့နှစ် ပထမသုံးလပတ်နဲ့နှိုင်းယှဉ်ရင် ၁၂% အထိ ကျဆင်းခဲ့တာပါ။ စမတ်ဖုန်းအလုံးရေ ၄၉ သန်းသာ တင်ပို့ရောင်းချနိုင်ခဲ့တာဖြစ်ပြီး၊ ဒါဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ပထမသုံးလပတ် ဖြစ်ခဲ့တာပါ။ ဒီကျဆင်းမှုမှာ ထိပ်တန်းအမှတ်တံဆိပ် အချို့ဟာ တိုးတက်မှုအနည်းငယ်ကို ရရှိခဲ့ကြပေမဲ့ တစ်ဖက်မှာတော့ တင်ပို့ရောင်းချမှုမှာ ကျဆင်းခဲ့တာဖြစ်ပါတယ်။ realme ကတော့ သူ့ရဲ့ဈေးကွက်ဝေစုကို နှစ်ဆတိုးစေနိုင်ခဲ့တာကို တွေ့ရပါတယ်။

Samsung ဟာ တင်ပို့မှုစာရင်းမှာ ထိပ်ဆုံးနေရာကို ရယူထားနိုင်တယ်ဆိုပေမဲ့ ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့နှိုင်းယှဉ်ရင်တော့ ၁၆% ကျဆင်းနေတာကို တွေ့နိုင်ပါတယ်။ Apple အနေနဲ့လည်း နှစ်အလိုက်တင်ပို့မှု YoY မှာ ၆% ကျဆင်းနေသေးတာကို တွေ့နိုင်ပါတယ်။ အဆိုပါ ပထမသုံးလပတ်ထဲမှာ Samsung က Galaxy S22 စီးရီးနဲ့ Apple က iPhone SE (3rd Gen) ကို အသီးသီးမိတ်ဆက်ခဲ့ကြတယ်ဆိုပေမဲ့ ဈေးကွက်တစ်ခုလုံးကျဆင်းနေတာကိုတော့ မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

ဈေးကွက်ကျဆင်းမှုက အကြောင်းရင်းပေါင်းများစွာရှိနေတယ်ဆိုပေမဲ့ တရုတ်နိုင်ငံတွင်း COVID-19 နဲ့ ဆက်စပ်ပိတ်ဆို့မှုတွေ၊ ငွေကြေးဖောင်းပွမှုတွေအပြင် ယူကရိန်းစစ်ပွဲ စတဲ့အကြောင်းအရာတွေကလည်း သက်ရောက်မှုကြီးပြီး ဖယ်ထားလို့မရတာတွေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Samsung နဲ့ Apple တို့ဟာ ရုရှားဈေးကွက်ကနေ ထွက်ခွာလာခဲ့ကြပါတယ်။ ရုရှားကိုတင်ပို့တာဟာ ဥရောပဈေးကွက်တစ်ခုလုံးကို စုစုပေါင်းတင်ပို့မှုရဲ့ ၆% ပဲ ရှိတယ်ဆိုပေမဲ့ လာမဲ့သုံးလပတ်မှာတော့ သိသာထင်ရှားတဲ့ ကျဆင်းမှုကိုအပြည့်အဝကြုံတွေ့ကြရတော့မှာ ဖြစ်ပါတယ်။

ကျဆင်းမှုဒဏ်ကို အများဆုံးခံစားလိုက်ရတာကတော့ Xiaomi ဖြစ်ပြီး ဈေးကွက်ရှယ်ယာ ၁၄% ရရှိခဲ့တယ်ဆိုပေမဲ့ YoY မှာတော့ ၃၆% အထိ ကျဆင်းသွားတာ ဖြစ်ပါတယ်။ OPPO ကတော့ ဈေးကွက်ဝေစုကို ပုံမှန်အတိုင်းဆက်လက်ဆုပ်ကိုင်ထားနိုင်ပေမဲ့ နှစ်အလိုက်တင်ပို့ရောင်းချရမှုမှာတော့ ၈% ကျဆင်းသွားတာပါ။ realme ကတော့ ထူးထူးခြားခြားဆိုသလို ဈေးကွက်ရှယ်ယာက ၄% တက်လာပြီး တင်ပို့ရောင်းချရမှုက ၆၇% တက်လာတာဖြစ်ပါတယ်။

Ref: GSM Arena