Facebook ဟာ အသုံးပြုသူကြားမှာ Online bullying နဲ့ Harassment ခြင်းကိုကာကွယ်မဲ့ မူဝါဒသစ်တွေကို မိတ်ဆက်လာပါတယ်။ Safety ရဲ့ ဦးဆောင်ဖြစ်တဲ့ Antigone Davis ကတော့ ကုမ္ပဏီအနေနဲ့ Off line မှာ တစ်ဦးတစ်ယောက်ကို ထိခိုက်စေမဲ့အန္တရာယ်မြင့်မားနိုင်မှုအပေါ် ပစ်မှတ်ထားပြီး တိုက်ဖျက်ဖို့ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Facebook ဟာ မနှစ်မြို့ဖွယ်ရာအကြောင်းအရာတွေကိုလည်း တိုက်ရိုက် Message ဖြစ်စေ၊ Comment ဒါမှမဟုတ် Post တွေမှာဖြစ်စေ ဖယ်ရှားပစ်မယ်လို့ ဆိုပါတယ်။ မူဝါဒရဲ့အလားတူညီတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကုမ္ပဏီဟာ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီး လူတွေကို နှောင့်ယှက်သူတွေ၊ နှုတ်ပိတ်သူတွေရဲ့ ကွန်ရက်တွေကိုလည်း ဖယ်ရှားမယ်လို့ ဆိုပါတယ်။

ဒီမူဝါဒတွေက အတိတ်မှာလည်း ရှိခဲ့ပြီးဖြစ်ပေမဲ့ ထိရောက်တဲ့ထိန်းချုပ်မှုမျိုးမလုပ်နိုင်ခဲ့တာကို တွေ့နိုင်ပါတယ်။ ဥပမာအားဖြင့် Taylor Swift က Electronic producer Calvin Harris နဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် သူ(မ)ရဲ့ Instagram အကောင့်မှာ Snake emoji တွေအမြောက်အများနဲ့ တိုက်ခိုက်ခံခဲ့ရတာမျိုးကို ပြရပါလိမ့်မယ်။ ဒီတစ်ခါမှာတော့ Celebrities တွေကို Sexual harassment နဲ့ Appearance shaming ပြုလုပ်တာတွေကနေ ကာကွယ်ပေးမဲ့ အကာအကွယ်သစ်တွေလည်း ထည့်သွင်းလာမယ်လို့ သိရပါတယ်။

ဒါတင်မကသေးပါဘူး။ Sexualizing လုပ်ဖို့ရည်ညွှန်းထားတဲ့ Profile, Pages, Groups တွေကိုလည်း ဖယ်ရှားဖို့ စီစဉ်နေပါတယ်။ Photoshopped Images တွေနဲ့ ရေးဆွဲထားတဲ့ရုပ်ပုံတွေအပါအဝင် “Sexualizing content” အားလုံးကိုပစ်မှတ်ထား ဖယ်ရှားသွားမယ်လို့ သိရပါတယ်။ ဒီလိုလုပ်ရတဲ့အကြောင်းရင်းက လူမှုကွန်ရက်ကနေတိုက်ခိုက်ရခြင်းကို လက်နက်တစ်ခုလို အသုံးချလာတာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကုမ္ပဏီအနေနဲ့ လူသိများထင်ရှားလာအောင် တမင်ပြုလုပ်ယူခြင်းမရှိဘဲ ထင်ရှားကျော်ကြားလာသူတွေအတွက်လည်း ကာကွယ်မှုတွေပြုလုပ်ပေးမယ်လို့ဆိုပါတယ်။ ဒါကြောင့် ဂျာနယ်လစ်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေလိုမျိုး လူပုဂ္ဂိုလ်တွေလည်း ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

Facebook ဟာ သူ့ရဲ့ ပလက်ဖောင်းတွေပေါ်မှာ Bullying နဲ့ Harassment ပြုလုပ်နေကြခြင်းကို တားဆီးဖို့ပျက်ကွက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်၊ ပြစ်တင်မှုတွေကို မကြာခနဆိုသလို ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

Ref: engadget