Google Pixel ဖုန်းတွေဟာ စတင်ထွက်ရှိလာကတည်းက Camera ပိုင်းကောင်းမွန်မှုကြောင့် နာမည်ကြီးတဲ့ဖုန်းတွေဖြစ်ပြီး အထူးသဖြင့် Google ရဲ့ ကိုယ်ပိုင် HDR+ နည်းပညာကြောင့်လို့ ပြောနိုင်ပါတယ်။ အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းတွေအရ Google ဟာ လာမယ့် Pixel 8 Series ဖုန်းတွေမှာ အဆိုပါ HDR+ နည်းပညာကို ထပ်ပြီး အဆင့်မြှင့်တင်သွားတော့မှာပဲဖြစ်ပါတယ်။

ယခုသတင်းကို Leakster တစ်ဦးဖြစ်တဲ့ Kuba Wojciechowski ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Google ရဲ့ Camera Go App အတွင်းမှာရှိတဲ့ Source Code ကနေတစ်ဆင့် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ တွေ့ရှိချက်အရ လာမယ့် ၂၀၂၃ ခုနှစ်အတွင်းမှာ မိတ်ဆက်လာမယ့် Pixel 8 Series ဖုန်းတွေမှာ Staggered HDR Feature ကို အဆင့်မြှင့်တင်ပြီး အသုံးပြုလာမှာပဲဖြစ်ပါတယ်။

Staggered HDR Feature ဆိုတာကတော့ လက်ရှိစမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ HDR နည်းပညာတွေနဲ့ အလုပ်လုပ်ပုံမတူညီဘဲ Camera Sensor ကနေတစ်ဆင့် ရိုက်ကူးလိုက်တဲ့ ဓါတ်ပုံတစ်ပုံထဲမှာ မတူညီတဲ့ Exposure မျိုးစုံကို ဖမ်းယူပြီး ပုံမှန် HDR ဓါတ်ပုံတွေထက် အရည်အသွေးပိုကောင်းတဲ့ HDR ပုံတွေကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး Staggered HDR နည်းပညာဟာ ရိုက်ကူးဖို့လိုအပ်တဲ့အချိန်ကလည်း တိုတောင်းတာကြောင့် လက်လှုပ်ရှားမှုတွေ၊ ဖုန်းလှုပ်သွားတာမျိုးတွေမှာလည်း ဓါတ်ပုံကို ဝေဝါးသွားခြင်းမရှိဘဲ ရိုက်ကူးနိုင်မှာပါ။

လက်ရှိ Google Pixel 7 Series ဖုန်းတွေဟာ Samsung ရဲ့ ISOCELL GN1 Sensor တွေကို အသုံးပြုထားပြီး အဆိုပါ Sensor တွေဟာ Staggered HDR နည်းပညာကို ထောက်ပံ့နိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် Pixel 8 Series ဖုန်းတွေမှာ ပိုမိုကောင်းမွန်ပြီး နည်းပညာအသစ်တွေပါဝင်လာတဲ့ ISOCELL GN2 လိုမျိုး Camera Sensor တွေကိုပါ အဆင့်မြှင့်တင်ထားဖွယ်ရှိပါတယ်။

Google Pixel ဖုန်းတွေမှာ အသုံးပြုထားတဲ့ HDR+ နည်းပညာဟာ အခုအချိန်မှာတောင် အရည်အသွေးပိုင်းမှာကောင်းမွန်တဲ့အတွက် အခု Staggered HDR နည်းပညာက ဘယ်လောက်ထိပိုကောင်းလာမလာဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – GSM Arena