Northwestern University မှ အင်ဂျင်နီယာတွေက Face Mask တွေအတွက် စမတ် ဆန်ဆာအသစ် ၁ ခုကို ဖန်တီးလိုက်ပြီး FaceBit လို့ နာမည်ပေးထားပါတယ်။ ဝတ်ဆင်သူရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်တဲ့အတွက် “Fitbit for the face” လို့ ညွှန်းဆိုထားပါတယ်။ FaceBit ဟာ အရွယ်အစား သေးငယ်တဲ့ ဆန်ဆာ ဖြစ်ပြီး N95 , အဝတ် Mask နဲ့ ခွဲစိတ်ခန်းသုံး Mask တွေမှာ သံလိုက်နဲ့ ကပ်ထားနိုင်ပါတယ်။

ဆန်ဆာက ဝတ်ဆင်သူရဲ့ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းနဲ့ Mask ဝတ်ဆင်ထားတဲ့ အချိန်တွေကို တိုင်းတာပေးနိုင်သလို Mask ဝတ်ထားတာ Fit ဖြစ်သလားဆိုတာ စစ်ဆေးပေးနိုင်ပါတယ်။ အဲဒီ သတင်းအချက်အလက်အားလုံးကို စမတ်ဖုန်း App ဆီကို ကြိုးမဲ့ ပေးပို့နိုင်တဲ့အတွက် User ဟာ App ကနေ ကျန်းမာရေး အခြေအနေကို စဉ်ဆက်မပြတ် လေ့လာနိုင်ပါတယ်။ နှလုံးခုန်နှုန်း မူမမှန်တာနဲ့ Mask ဟာ လုံခြုံမှု မရှိတာတွေလို ပြဿနာတွေကို App က Notification နဲ့ သတိပေးနိုင်ပါတယ်။ ဆန်ဆာက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေကနေ နေမကောင်းဖြစ်တာ၊ စိတ်ဖိစီးမှုများတာတွေလို ကျန်းမာရေး အခြေအနေတွေကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။

FaceBit Turns Any Mask Into A 'Fitbit For Your Face'

အရွယ်သေး ဘက်ထရီ ၁ လုံး ထည့်သွင်းထားတဲ့အပြင် တခြား အရင်းအမြစ်ကနေ စွမ်းအင် ရရှိအောင် FaceBit ကို ဒီဇိုင်းထုတ်ထားပါတယ်။ ဝတ်ဆင်သူ အသက်ရှူထုတ်လိုက်ရာကနေထွက်လာတဲ့ တွန်းအားနဲ့ အပူချိန်၊ ကိုယ်ခန္တာ လှုပ်ရှားမှု၊ နေရောင်ခြည် စတာတွေကနေ စွမ်းအင် ရရှိအောင် ပြုလုပ်ထားပါတယ်။

Northwestern University မှ FaceBit စီမံကိန်း  အကြီးအကဲ Josiah Hester က “ Covid-19 ကို ရှေ့တန်းက တိုက်ဖျက်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် ဉာဏ်ရည်မြင့် Face Mask ကို ဖန်တီးချင်ခဲ့တာ ဖြစ်ပါတယ်။ အရင်းအမြစ်များစွာကနေ စွမ်းအင် ရရှိအောင်ပြုလုပ်ထားတဲ့အတွက် တစ်ပတ်၊ နှစ်ပတ်လောက်ကြာမှ ဘက်ထရီကို အားသွင်းရမှာပါ။ “ လို့ ပြောပါတယ်။

Ref : news.northwestern.edu