ပြီးခဲ့တဲ့ နှစ်နှစ်လောက်က Samsung က ကမ္ဘာ့ပထမဆုံး နောက်ဘက် ကင်မရာလေးလုံးပါတဲ့ ဖုန်း Galaxy A9 (2018) ကို ထုတ်ပြခဲ့ပါတယ်။ အခုက ကင်မရာငါးလုံးပါတဲ့ ဖုန်းကိုထုတ်လုပ်တော့မှာ ဖြစ်ပေမယ့် ဒီတစ်ခေါက်ကတော့ သူတို့ ပထမဆုံးမဟုတ်တော့ပါဘူး။ ပထမဆုံး ကင်မရာ ငါးလုံးပါတဲ့ ဖုန်းကို ချပြခဲ့တာက Nokia 9 PureView ဖြစ်ပါတယ်။

ဒါပေမယ့် Samsung အတွက်က အခု ကင်မရာ ငါးလုံးနဲ့ ဖုန်းကို A-series မှာ အရင်တွေ့ရမှာ ဖြစ်ပြီးတော့ အရင်ကလည်း A-series မော်ဒယ်တွေမှာ သူတို့ရဲ့ ကင်မရာ စမ်းသပ်မှု တွေကို မကြာခဏ ပြုလုပ်နေကျလို့ ဆိုရမှာပါ။ ဥပမာဆိုရင် Galaxy A80 က Samsung ရဲ့ ပထမဆုံးနဲ့ တစ်လုံးတည်းသော Flip-up ကင်မရာပါဝင်တဲ့ ဖုန်း ဖြစ်ခဲ့ဖူးပါတယ်။

Samsung Galaxy A72 က ကုမ္ပဏီရဲ့ ပထမဆုံး ကင်မရာငါးလုံး ပါဝင်တဲ့ ဖုန်းဖြစ်လာမယ်လို့ The Elec က ဆိုပါတယ်။ ကင်မရာ တွေကတော့ ပုံမှန်ခန့်မှန်းထားကြတဲ့ အတိုင်းပါပဲ။ 64MP အဓိက ကင်မရာ၊ 12 MP Ultra-wide ၊ 8 MP Telephoto (3x Zoom)၊ 5 MP Macro နဲ့ 5 MP Depth Sensor တို့ပဲ ဖြစ်ပါတယ်။

Samsung က Galaxy S20 FE မှာ သုံးခဲ့တဲ့ 8 MP 3x Zoom ကင်မရာကို Galaxy A72 မှာထပ်သုံးသွားမှာဖြစ်ပြီး နောက်ထပ် ကင်မရာလေးလုံးကတော့ အရင် Galaxy A71 မှာ သုံးခဲ့တဲ့ ကင်မရာ Setup အတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။ 8 MP 3x Zoom ကင်မရာက OIS ကို အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပြီး အဝေးရိုက်ချက်တွေအတွက် အသုံးအဝင်ဆုံး ဖြစ်လာမှာပါ။

ဒါ့ကြောင့် Galaxy A72 ဟာ OIS နည်းပညာနဲ့ ပထမဆုံး A စီးရီး စမတ်ဖုန်း ဖြစ်လာမယ်ဆိုတဲ့ အရင်က ထွက်ခဲ့တဲ့ ကောလာဟလကို အတည်ပြုလိုက်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ Selfie ကင်မရာ တစ်လုံးတည်းပါဝင်မှာ ဖြစ်ပြီး 32 MP Sensor သုံးထားပါတယ်။

Samsung Galaxy A52 ကလည်း အသစ်ထွက်လာမယ့် A-series ထုတ်ကုန်တွေထဲက တစ်ခုပါ။ သူကတော့ A51 တုန်းကလိုပဲ ကင်မရာလေးလုံးနဲ့ တွေ့ရမှာဖြစ်ပါတယ်။

Samsung က Galaxy A72 နဲ့ Galaxy A52 နှစ်မျိုးလုံးအတွက် အများကြီးမျှော်လင့်ထားပြီးတော့ နှစ်မျိုးပေါင်းရောင်းအားကို သန်း ၃၀ ခန့် ရောင်းရလိမ့်မယ်လို့ ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီ ပမာဏက Samsung စုစုပေါင်း ရောင်းအား ပမာဏရဲ့ ဆယ်ရာခိုင်နှုန်းခန့် ရှိပါတယ်။

Ref – Gsmarena