Samsung ဟာ ယခင်ကတည်းက Flagship စမတ်ဖုန်းတွေမှာ တခြားဖုန်းတွေနဲ့ မတူညီတဲ့ Unlock စနစ်တွေကို အသုံးပြုနေတာဖြစ်ပါတယ်။ ယခင်တုန်းကဆိုရင် မျက်လုံးကို Scan ဖတ်ရတဲ့ Iris Scanner နဲ့ အခုလည်း Flagship ဖုန်းတွေမှာ တခြားသော စမတ်ဖုန်းတွေနဲ့မတူညီတဲ့ Ultrasonic Fingerprint Sensor ကို အသုံးပြုနေတုန်းဖြစ်ပါတယ်။

အခုလည်း SamMobile ရဲ့ ပြောကြားချက်အရ Samsung ဟာ Galaxy S21 စမတ်ဖုန်းနဲ့အတူ နောက်ထပ် Unlock ပြုလုပ်နိုင်မယ့် နည်းလမ်းတစ်ခုကို ထည့်သွင်းလာဦးမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ Bixby ကနေတစ်ဆင့် Voice Recognition စနစ်ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။

ဒီလိုမျိုး အသံနဲ့ Unlock ပြုလုပ်တာက ဘယ်လောက်ထိလုံခြုံမှုရှိမလဲဆိုတာကတော့ အခုထိအတိအကျသိရှိရခြင်းမရှိသေးပါဘူး။ လောလောဆယ်မှာ AI Voice Assistant တွေဟာ ဘယ်သူကနေ စကားပြောပြီးခိုင်းစေနေသလဲဆိုတာကို ခွဲခြားသိနိုင်ပြီဖြစ်တဲ့အတွက် Samsung အနေနဲ့ အလားတူနည်းပညာကို ဖုန်းကို Unlock ပြုလုပ်တဲ့နေရာမှာပါ အသုံးချချင်တဲ့ပုံစံပါပဲ။

SamMobile ရဲ့ ဖော်ပြချက်အရတော့ Galaxy S21 စမတ်ဖုန်းတွေပဲ အဆိုပါ Voice Recognition နဲ့ Unlock ပြုလုပ်နိုင်မှာမဟုတ်ဘဲ တခြားသော Samsung စမတ်ဖုန်းတွေမှာပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် Galaxy S21 Series ဖုန်းတွေက OneUI 3.1 နဲ့အတူ အစောဆုံးအသုံးပြုနိုင်မယ့် စမတ်ဖုန်းတွေဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ အခုလိုမျိုး Voice Recognition ကိုအသုံးပြုပြီး ဖုန်းကို Unlock ပြုလုပ်ဖို့အတွက် အသုံးပြုသူရဲ့ အသံကို Recording ရယူဖွယ်ရှိသလို Unlock ပြုလုပ်ဖို့အတွက် ဘယ်လိုမျိုး Keyword ကို ပြောရမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ Samsung ကနေ Galaxy S21 စမတ်ဖုန်းတွေကို လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ တရားဝင်မိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။

Ref – 9to5Google