Samsung ဟာ အခုအချိန်မှာ Foldable ဖုန်းအသစ်တွေဖြစ်တဲ့ Galaxy Z Fold3 ကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ နောက်ဆုံးသိရှိရတဲ့သတင်းတွေအရဆိုရင် Samsung ရဲ့ ယခုနှစ် Foldable ဖုန်းအသစ်တွေဟာ အောင်မြင်မှုရရှိနေပြီဖြစ်သလို ယခင်တုန်းကထက် Pre-order အများအပြားရရှိထားတာဖြစ်ပါတယ်။

ဒါပေမယ့် Samsung Galaxy Z Fold3 ဖုန်းမှာ အားနည်းချက်တစ်ခုရှိနေတာကို အစောပိုင်းအသုံးပြုသူတွေက တွေ့ရှိခဲ့ပြီလို့ သိရပါတယ်။ ဒါကတော့ Samsung Galaxy Z Fold3 ဖုန်းကို Bootloader Unlock ပြုလုပ်လိုက်တာနဲ့ Camera တွေအကုန်လုံးကို အသုံးပြုနိုင်ခြင်းမရှိတော့တာပဲဖြစ်ပါတယ်။

Bootloader ကို Unlock ပြုလုပ်တာက ပုံမှန်အားဖြင့် Custom ROM သို့မဟုတ် Custom Recovery တွေအသုံးပြုချင်တဲ့သူတွေအတွက် ပြုလုပ်တတ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ စမတ်ဖုန်းကုမ္ပဏီနဲ့ စမတ်ဖုန်းအမျိုးအစားပေါ်မှုတည်ပြီး တချို့က ခက်ခဲတတ်သလို တချို့ Sony လိုမျိုး စမတ်ဖုန်းတွေဆိုရင်လည်း Bootloader ကို Unlock ပြုလုပ်လိုက်တာနဲ့ Quality ကျသွားစေမယ့် DRM နည်းပညာတွေကို ထည့်သွင်းပေးထားပါတယ်။ ဖုန်းကို ကလိချင်တဲ့သူတွေကတော့ Bootloader Unlock ပြုလုပ်တာဟာ ဆောင်ရွက်သင့်တယ်ဆိုပေမယ့် ပုံမှန်ဖုန်းအသုံးပြုသူတွေအတွက်တော့ Unlock မပြုလုပ်တာက ပိုပြီးအဆင်ပြေမှာဖြစ်ပါတယ်။

အဲ့ဒီအတွက် အခုလိုမျိုး Samsung Galaxy Z Fold3 ရဲ့ Bootloader ကို Unlock ပြုလုပ်မယ်ဆိုရင် “Camera တွေကို အသုံးပြုနိုင်မှာမဟုတ်တော့သလို Application တွေအသုံးပြုတဲ့အချိန်မှာလည်း ရပ်ဆိုင်းသွားတာ၊ အလုပ်မလုပ်နိုင်တာမျိုး ကြုံတွေ့နိုင်တယ်” လို့ အဓိပ္ပါယ်ရတဲ့ သတိပေးစာသားကိုလည်း ဖော်ပြပေးသွားမယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် Galaxy Z Fold3 ကို Bootloader Unlock ပြုလုပ်မယ်ဆိုရင် ဆုံးရှုံးရမယ့် Feature တွေက တော်တော်လေးကို များပြားနေပါတယ်။

တကယ်လို့ မတော်တဆ Galaxy Z Fold3 ဖုန်းကို Bootloader Unlock ပြုလုပ်ပြီးလို့ Camera တွေအလုပ်မလုပ်နိုင်တော့ဘူးဆိုရင် Bootloader ကို ပြန်လည် Lock ပြုလုပ်လိုက်တာနဲ့ ပြန်ပြီး အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အခုသတင်းအပေါ်ကို Samsung ကတော့ တရားဝင်ဖြေရှင်းချက်မထုတ်ပေးထားဘဲ ဘာကြောင့် Camera တွေကို ပိတ်ချရသလဲဆိုတာကိုလည်း ပြောကြားထားခြင်းမရှိသေးပါဘူး။

Ref – 9to5Google