Google ဟာ Pixel 6 Series ဖုန်းတွေကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းက မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါ Pixel 6 Series ဖုန်းတွေဟာ Google ရဲ့ ကိုယ်ပိုင် Tensor Chip ကို ပထမဆုံးအနေနဲ့ အသုံးပြုထားတဲ့ဖုန်းတွေဖြစ်သလို ယခင် Pixel ဖုန်းတွေနဲ့ ယှဥ်ရင် Design ပိုင်း ပြောင်းလဲမှုတွေကိုလည်း အများပြားပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် Google Pixel 6 Series ဖုန်းတွေဟာ အဆင့်မြှင့်တင်မှုတွေ အများအပြားရှိခဲ့ပေမယ့်လည်း စွမ်းဆောင်ရည်ပိုင်းနဲ့ Software ပိုင်းမှာ ပြဿနာတွေ ဆက်တိုက်ကြုံတွေ့ခဲ့ရတာကြောင့် တခြားသော iPhone အပါအဝင် Flagship ဖုန်းတွေနဲ့ ယှဥ်ပြိုင်နိုင်ခြင်းမရှိခဲ့ပါဘူး။ Google ဘက်ကတော့ Pixel 6 Series ဖုန်းတွေဟာ ယခင် Pixel ဖုန်းတွေထက် အများကြီး ပိုမိုရောင်းအားကောင်းခဲ့တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

အခုလည်း Google ကနေ Pixel 6 Series ဖုန်းတွေအတွက် တော်တော်လေးကို တန်တယ်လို့ ပြောနိုင်တဲ့အထိ စျေးလျေ့ာပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် Pixel 6 ဟာ ယခင်တုန်းက စျေးနှုန်းဖြစ်တဲ့ 128GB Version ကို $599 အစား $499 ဖြင့်ဝယ်ယူနိုင်မှာဖြစ်ပြီး 256GB Version ကိုတော့ $699 ကနေ $599 နဲ့ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ Pixel 6 Pro ဖုန်းကတော့ ပိုတန်တဲ့ $200 လျော့စျေးရရှိပြီးတော့ 128GB Version ကို $899 အစား $699 နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး 256GB ကို $799 , 512GB ကို $899 နဲ့ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

အဆိုပါ Pixel 6 Series ဖုန်းတွေဟာ Google US Website တင်မဟုတ်ဘဲ Amazon မှာလည်း ရရှိနိုင်မယ်လို့ သိရပါတယ်။ Google အနေနဲ့ ယခုနှစ်ကုန်ပိုင်းမှာ Pixel 7 Series ဖုန်းတွေကို မိတ်ဆက်ဖို့ရှိနေတာကြောင့် မမိတ်ဆက်ခင်မှာ အခုလိုမျိုး Pixel 6 Series ဖုန်းတွေကို လျော့စျေးနဲ့ ရောင်းချနေတယ်လို့ ယူဆရပါတယ်။

Ref – 9to5Google