OpenAI ရဲ့ ChatGPT ဟာ လက်ရှိအချိန်မှာ ရေပန်းအစားဆုံး AI Software တစ်ခုဖြစ်ပါတယ်။ အခုလိုမျိုး ChatGPT က အောင်မြင်နေတာက သာမန်မေးခွန်းတွေအပြင် ရှုပ်ထွေးတဲ့တွက်ချက်မှုတွေ၊ Coding တွေကိုပါ ဖြေရှင်းပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့် Google ကနေ ChatGPT ကို ယှဥ်ပြိုင်ဖို့ ထုတ်ခဲ့တဲ့ Bard AI ကတော့ စွမ်းဆောင်နိုင်နှုန်းမှာ သိသိသာသာအားနည်းနေတုန်းပဲဖြစ်ပါတယ်။ အထူးသဖြင့် Google Bard AI ဟာ Coding ပိုင်းကို ဆောင်ရွက်နိုင်ခြင်းမရှိတာကြောင့် အသုံးပြုသူတွေက ထည့်သွင်းပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အခုအချိန်မှာတော့ Google ကနေ Bard AI ကို Code တွေကို Generate ပြုလုပ်ခြင်း၊ Debug ပြုလုပ်ခြင်းတွေ ဆောင်ရွက်နိုင်ဖို့ အဆင့်မြှင့်တင်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် Code တွေကိုလည်း ပြန်လည်ရှင်းပြပေးနိုင်မယ်လို့ သိရပါတယ်။

လောလောဆယ်မှာ Google Bard AI ဟာ Programming Language အမျိုးအစားပေါင်း ၂၀ ခန့်ကို သိရှိနိုင်ပြီး လူသုံးများတဲ့ C++ ၊​ Java ၊​ JavaScript နဲ့ Python တွေပါဝင်မှာဖြစ်ပါတယ်။ Coding ပိုင်းကို ပြန်လည်ရှင်းပြပေးနိုင်တာက အခုမှစတင်ပြီး Coding ပိုင်းကို လေ့လာနေတဲ့သူတွေအတွက် အားသာချက်တစ်ခုဖြစ်လာမှာပါ။

Google Bard AI ဟာ ပြီးခဲ့တဲ့ မတ်လတုန်းကမှ စတင်ပြီး လူအများကို စမ်းသပ်အသုံးပြုခွင့်ပေးခဲ့တာဖြစ်ပြီး အခုလို Coding ပိုင်း ဆောင်ရွက်နိုင်ပြီဆိုပေမယ့် ChatGPT ကို ယှဥ်နိုင်ဖို့ကတော့ အချိန်ထပ်မံလိုအပ်ဦးမှာပဲဖြစ်ပါတယ်။

Ref – Engadget