Google ကနေ Mid Range စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Pixel 4a ကို ပြီးခဲ့တဲ့မေလကတည်းက မိတ်ဆက်ဖို့ စီစဥ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် နှစ်စဥ်ပြုလုပ်နေကျ Google I/O 2020 Event ကို ဖျက်သိမ်းခဲ့ရသလို Pixel 4a စမတ်ဖုန်းကိုလည်း အခုထိတရားဝင်မိတ်ဆက်နိုင်ခြင်းမရှိသေးပါဘူး။

အဆိုပါ Pixel 4a နဲ့ ပတ်သက်ပြီး အခုဆိုရင်သတင်းတွေရော၊ ပါဝင်မယ့် Specification ၊ စျေးနှုန်းနဲ့ Review Video တွေပါ ပေါက်ကြားခဲ့ပြီးဖြစ်ပေမယ့် နောက်ဆုံးသိထားတဲ့သတင်းတွေအရ Google ကနေ လာမယ့် သြဂုတ်လမှ ဒီဖုန်းကို မိတ်ဆက်ဖို့ ရွေ့ဆိုင်းလိုက်ပြီလို့သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ယခုနှစ်အတွင်းမှာ Pixel 4a အပြင် Pixel 4a (5G) နဲ့ Pixel 5 ဖုန်းတွေကိုပါ မိတ်ဆက်ဖို့ စီစဥ်ထားတယ်လို့ သတင်းထွက်လာခဲ့ပါသေးတယ်။

အခုလည်း Google ကနေ ကိုယ်ပိုင် Canada Google Store Website မှာ Pixel 4a ဓါတ်ပုံကို မှားယွင်းပြီးတင်ခဲ့ပါသေးတယ်။ အဆိုပါ Pixel 4a ဓါတ်ပုံဟာ Nest Wifi လို့ရေးသားထားတဲ့ Product နေရာမှာ မှားယွင်းပြီးဖော်ပြခဲ့တာဖြစ်ပါတယ်။

Canada Google Store မှာ ဖော်ပြခဲ့တဲ့ Pixel 4a စမတ်ဖုန်းဟာ အနက်ရောင်ဖြစ်ပြီးတော့ လက်ရှိပေါက်ကြားထားတဲ့သတင်းတွေလိုပဲ Single Back Camera ၊ Back Fingerprint Sensor နဲ့ အရှေ့ဘက် Display မှာလည်း Punch-hole Selfie Camera တွေကို ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ Display ပေါ်ကနေ့ရက်ကိုတော့ May 12 လို့ဖော်ပြထားတဲ့အတွက် အစောပိုင်း Google I/O 2020 Event ပြုလုပ်မယ့်အချိန်မှာ မိတ်ဆက်ဖို့စီစဥ်ထားခဲ့တာဖြစ်မယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Pixel 4a စမတ်ဖုန်းဟာ 5.8″ Full HD+ OLED Display ၊ 12.2MP Single Camera ၊ 3080mAh Battery နဲ့ စွမ်းဆောင်ရည်ပိုင်းမှာလည်း Qualcomm Snapdragon 730 Chipset ၊ RAM 6GB နဲ့ 128GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ $349 (မြန်မာငွေ ၄ သိန်း ၈ သောင်းဝန်းကျင်) နဲ့ရောင်းချမယ်လို့ သိရတဲ့အတွက် Mid Range ဖုန်းတွေထဲမှာ အောင်မြင်လာနိုင်ပါတယ်။

Ref – The Verge