Google ဟာ ပြီးခဲ့တဲ့မေလပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ Google I/O 2022 Event မှာ Pixel Tablet အသစ်ကို မိတ်ဆက်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Pixel Tablet ဟာ ယခုနှစ်မှာတော့ မိတ်ဆက်သွားဦးမှာမဟုတ်ဘဲ လာမယ့် ၂၀၂၃ ခုနှစ်မှပဲ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။

အခုထပ်မံသိရှိရတဲ့သတင်းတွေအရတော့ Google ကနေ အဆိုပါ Pixel Tablet တင်မဟုတ်ဘဲ နောက်ထပ် Pixel Pro Tablet အသစ်ကိုပါ လာမယ့်နှစ်အတွင်းမှာ မိတ်ဆက်သွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါသတင်းကိုတော့ Android 13 ရဲ့ Beta Code တွေထဲမှာ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

Google ဟာ ယခုနှစ်အစပိုင်းတုန်းက Android 12L OS ကို မိတ်ဆက်ခဲ့ပြီး Foldable ဖုန်းတွေအပြင် Android Tablet တွေအတွက် အဓိကရည်ရွယ်ထားတာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာလည်း Android Tablet တွေအတွက် ရည်ရွယ်ထားတဲ့ Keep နဲ့ Drive အတွက် Widget တွေကိုလည်း ထပ်မံထုတ်ပေးထားခဲ့ပါတယ်။

လောလောဆယ်မှာ Google Pixel Tablet ရဲ့ Design ပိုင်းအပြင် ပါဝင်မယ့် Specification တွေကိုလည်း အတိအကျသိရှိရခြင်းမရှိသေးတာကြောင့် အခုထပ်မံထွက်ရှိလာနိုင်တဲ့ Pixel Pro Tablet က ဘယ်လိုမျိုးဖြစ်လာနိုင်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။ သေချာသလောက်ဖြစ်နေတာကတော့ Google Pixel Series ဖုန်းတွေလိုမျိုးပဲ Google ရဲ့ ကိုယ်ပိုင် Tensor Processor ကိုပဲ အသုံးပြုလာမယ်လို့ ယူဆရပါတယ်။

Ref – 9to5Google