Google ဟာ Android ဖုန်းတွေအတွက် Rich Communication Service (RCS) Messaging စနစ်ကို Google Messages မှာ တရားဝင်ထောက်ပံ့ပေးနေပြီဖြစ်ပါတယ်။ ဒါကြောင့် Android စမတ်ဖုန်းအသုံးပြုသူတွေအနေနဲ့ အချင်းချင်း SMS အစား ပိုမိုမြန်ဆန်ပြီး Feature စုံလင်တဲ့ Messaging Service ကို အလွယ်တကူအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Google RCS Message စနစ်ဟာ လုံခြုံရေးပိုင်းအတွက်လည်း End-to-End Encryption ကို ထောက်ပံ့ပေးထားပြီး တခြားသော လုံခြုံရေးပိုင်းမှာ နာမည်ကြီးတဲ့ iMessage ၊ WhatsApp တို့နဲ့တူညီတဲ့ လုံခြုံမှုကို ပေးစွမ်းနိုင်မှာပါ။ ဒါပေမယ့် အစောပိုင်းတုန်းက Google RCS ရဲ့ End-to-End Encryption ဟာ တစ်ယောက်နဲ့ တစ်ယောက် စကားပြောဆိုမှုတွေအတွက်ပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် Google ကနေ Google Messages ရဲ့ Beta Update အသစ်မှာ ပုံမှန်တစ်ဦးချင်းပြောဆိုမှုတွေတင်မဟုတ်ဘဲ Group Chat အတွက်ပါ End-to-End Encryption ကို ထောက်ပံ့ပေးနိုင်တော့မှာဖြစ်ပါတယ်။ Google ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး Group Chat မှာ End-to-End Encryption Service ကို အစောဆုံးအသုံးပြုချင်တယ်ဆိုရင် Messages Open Beta Program ကို ဝင်ရောက်ထားနိုင်တယ်လို့ သိရပါတယ်။

Google ဟာ အခုလိုမျိုး Android ဖုန်းတွေမှာ RCS Messaging စနစ်ကို ဆက်တိုက်တွန်းအားပေးနေပြီးတော့ Apple ကိုလည်း iMessage အပြင် RCS ကိုပါ ထောက်ပံ့ပေးဖို့အတွက်နှိုးဆော်နေပါတယ်။ ဒါပေမယ့် Apple CEO Tim Cook ကတော့ RCS ရတဲ့ Android ဖုန်းအစား iPhone ပဲ အသစ်ဝယ်ပြီး iMessage ကိုပဲ သုံးဖို့အထိ ငြင်းဆန်နေတာဖြစ်ပါတယ်။

Ref – Engadget