လက်ရှိအချိန်မှာ Foldable ဈေးကွက်ကို Samsung က ကြီးစိုးထားတယ်ဆိုပေမယ့် လာမယ့် ၂၀၂၁ ခုနှစ်ထဲမှာတော့ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးအတွက် ပြိုင်ဆိုင်မှုတွေကို မြင်တွေ့လာရဖွယ်ရှိပါတယ်။ အကြောင်းက လက်ရှိဈေးကွက်ထဲက Samsung, Huawei, Motorola နဲ့ Royole တို့အပြင် အခြားအမှတ်တံဆိပ်တွေကိုလည်း မြင်တွေ့ရမှာကြောင့် ဖြစ်ပါတယ်။

ဒီသတင်းကို Search and DSCC မှာ ဦးဆောင်သုတေသီဖြစ်တဲ့ Ross Young က ဖော်ပြလာတာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၁ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်ဟာ Foldable ဈေးကွက်အတွက် စိတ်လှုပ်ရှားစရာ ဖြစ်လိမ့်မယ်လို့ Young က တွစ်တာမှာ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။ Samsung ကတော့ အနည်းဆုံး မော်ဒယ်သုံးမျိုးကို ကြေညာမှာဖြစ်ပြီး၊ OPPO, Vivo နဲ့ Xiaomi တို့ကြားမှာ မော်ဒယ်လေးမျိုးတွေ့နိုင်ပြီး Google ကတော့ မော်ဒယ်တစ်မျိုးကို ကြေညာမယ်လို့ ဆိုလိုက်တာ ဖြစ်ပါတယ်။

UBI Research အရ Samsung ဟာ Galaxy Z Fold3, Z Fold Lite နဲ့ Z Flip2 တို့ကို လာမယ့် ၂၀၂၁ ခုနှစ်ထဲမှာ ဈေးကွက်ထဲပို့ဆောင်မယ်ဆိုတာ သိခဲ့ကြပြီးဖြစ်ပါလိမ့်မယ်။ Z Fold Lite ကတော့ အမှန်တကယ်ထွက်လာဖို့ မသေချာပေမယ့်၊ သူ့နေရာမှာ Z Flit Lite ဖြစ်လာနိုင်တယ်လို့လည်း ကောလာဟလတွေ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Samsung အမှတ်တံဆိပ်အောက်ကနေ အနည်းဆုံးတော့ Foldable ဖုန်း သုံးမျိုး ထွက်လာမယ်လို့ ပြောနိုင်ပါတယ်။

နောက်ကနေလိုက်လာမယ့် အမှတ်တံဆိပ်သုံးခုအနက် Xiaomi ကတော့ မူပိုင်ခွင့်တင်မကဘဲ ရှေ့ပြေးပုံစံကိုလည်း ပြခဲ့ပြီးဖြစ်တာကြောင့် ပိုပြီးစိတ်ဝင်စားစရာကောင်းပါလိမ့်မယ်။ OPPO ကလည်း မကြာသေးခင်ကပဲ Galaxy Z Flip နဲ့ဆင်တူတဲ့ဒီဇိုင်းနဲ့ ဖုန်းတစ်လုံးကို မူပိုင်ခွင့်တင်ခဲ့ပါတယ်။ Vivo ရဲ့ Foldable နဲ့ပတ်သက်တဲ့သတင်းကတော့ သူ့ရဲ့အမှတ်တံဆိပ်ခွဲဖြစ်တဲ့ iQOO အနေနဲ့ Foldable Render တွေ ထွက်ပေါ်ခဲ့ဖူးတာပါ။

Google ကတော့ Foldable စမတ်ဖုန်း ရှေ့ပြေးပုံစံကိုလုပ်ဆောင်နေကြောင်းကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက အတည်ပြုပြီးသား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက “passport” ဆိုတဲ့ ကုဒ်နာမည်နဲ့ Foldable device ကို တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၁ ခုနှစ်မှာ စီးပွားဖြစ်ထုတ်လုပ်နိုင်မယ်ဆိုရင်လည်း အံ့သြစရာတော့ မဟုတ်ပါဘူး။

Ref: Gizmochina