ပြီးခဲ့တဲ့စက်တင်ဘာတုန်းက Google ဟာ သူတို့ရဲ့ Pixel 5 ကို ကြေညာခဲ့ပါတယ်။ ဧရာမ ရှာဖွေရေးအင်ဂျင်ကြီးဆီကနေ တကယ့် Flagship အစစ်အမှန်ကို ထပ်ပြီးတွေ့မလားလို့ မျှော်လင့်စောင့်စားနေသူတွေအတွက် Pixel 5 Pro ကတော့ စိတ်ဝင်စားချင်စရာပဲ ဖြစ်ပါလိမ့်မယ်။

အခုတော့ Google Pixel 5 Pro လို့ ယူဆရတဲ့ ရုပ်ပုံတွေကို မြင်တွေ့ရပြီ ဖြစ်ပါတယ်။ အခုမြင်တွေ့ရတဲ့ ပကတိရုပ်ပုံတွေဟာ Google Pixel 5 Pro ရဲ့ ရုပ်ပုံအစစ်အမှတ်ဆိုပေမယ့်၊ ပထမဦးဆုံးအဖြစ်မြင်တွေ့ရတဲ့အချိန်မှာ၊ ပြည့်စုံကောင်းမွန်တဲ့ သတင်းအချက်အလက်နဲ့ ရုပ်ပုံတော့ဖြစ်မနေခဲ့ပါဘူး။

ပကတိရုပ်ပုံအရ Pixel 5 Pro ရဲ့ မျက်နှာပြင်မှာ Selfie ကင်မရာအတွက် နေရာမရှိတာကိုတွေ့ရပါတယ်။ Notch လည်းမတွေ့ရသလို၊ Punch-hole လည်း မမြင်ရပါဘူး။ ဒါကြောင့် Under-display ကင်မရာလို့တော့ ယေဘုယျအားဖြင့် ကောက်ချက်ချနိုင်ပါတယ်။ တကယ်သာ Under-display ကင်မရာနဲ့ထွက်လာမယ်ဆိုရင်တော့ Google pixel fan တွေအတွက် ဝမ်းသာစရာဖြစ်ပါလိမ့်မယ်။

တစ်ဘက်က ပြန်စဉ်းစားရင်တော့ Google အနေနဲ့ အန္တရာယ်များတဲ့ ဒီလိုအရွေ့ကို Pixel 5 Pro မှာ လုပ်ဆောင်ပါ့မလားဆိုတဲ့ သံသယကိုလည်း ဖြစ်စေပါတယ်။ အခြားပုံတစ်ပုံမှာတော့ Google Pixel 5 Pro ရဲ့ နာမည်ကို ဖော်ပြထားပြီး၊ Dual SIM ထောက်ပံ့တာကိုလည်း တွေ့မြင်ရပါတယ်။ အခြားအချက်အလက်တွေဖြစ်တဲ့ မျက်နှာပြင်အရွယ်အစား၊ ကင်မရာတွေအကြောင်း၊ ဘက်ထရီ စတာတွေနဲ့ပတ်သက်ပြီး ဖော်ပြနိုင်တဲ့အထောက်အထား မပါရှိပါဘူး။

AIDA64 check အရဆိုရင်တော့ Pixel 5 Pro ဟာ Snapdragon 865 SoC ကို အသုံးပြုထားပြီး၊ 8GB of RAM နဲ့ တွဲဖက်ထားသလို၊ သိုလှောင်မှုပမာဏက 256GB ရှိတာကို သိရပါတယ်။ ဖုန်းနဲ့ပတ်သက်တဲ့ အခြားအချက်အလက်တွေအပါအဝင် ဈေးနှုန်း၊ ဖြန့်ချိမယ့်ရက်၊ စတာတွေသိရဖို့တော့ စောင့်ဆိုင်းရဦးမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena