Google ကနေ ပြီးခဲ့တဲ့နှစ်တုန်းက Flagship ဖုန်းတွေအစား Mid Range ဖုန်းစျေးကွက်ကို ဒေါ်လာ ၃၉၉ တန် Pixel 3a ဖုန်းနဲ့ စတင်ဝင်ရောက်ခဲ့ပါတယ်။ အဆိုပါ Pixel 3a ဖုန်းဟာ Camera ပိုင်းမှာ Pixel 3 နဲ့တူညီတဲ့ Camera ကိုပဲ အသုံးပြုထားတဲ့အတွက် Mid Range ဖုန်းတွေထဲမှာ အောင်မြင်တဲ့ဖုန်းတစ်လုံးလည်းဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အဆိုပါ Pixel 3a ဖုန်းမှာ အားနည်းချက်တစ်ခုရှိနေခဲ့ပြီးတော့ ဒါက Storage ကို Read/Write Speed ပိုနှေးတဲ့ eMMC Storage အမျိုးအစားကိုပဲ အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Storage အနေနဲ့လည်း 64GB တစ်မျိုးထဲရောင်းချခဲ့တာပါ။

အခုလည်း Pixel 4a ဖုန်းကို 64GB Storage တစ်မျိုးထဲရောင်းချလာနိုင်ပေမယ့် Storage အမျိုးအစားကိုတော့ eMMC Storage ကနေ UFS 2.1 Storage ကို အဆင့်မြှင့်တင်ပေးလိုက်ပြီလို့သိရပါတယ်။ အဲ့ဒီအတွက် မနှစ်တုန်းက Pixel 3a နဲ့ယှဥ်ရင် Read/Write Speed က သိသိသာသာကို မြန်ဆန်လာမှာပါ။

ဘာပဲဖြစ်ဖြစ် တခြား Flagship ဖုန်းတွေအတော်တော်များများက UFS 3.0 နဲ့ UFS 3.1 Storage တွေကို အသုံးပြုနေပြီဆိုပေမယ့် စျေးနှုန်းအနေနဲ့ ဒေါ်လာ ၃၉၉ ကနေပဲ စတင်ရောင်းချဦးမယ့် Pixel 4a ဖုန်းက ဒီလိုမျိုး UFS 2.1 Storage သုံးလာတာကတော့ သဘောကျစရာကောင်းပါတယ်။ Processor ကိုလည်း Snapdragon 730 ကိုသုံးလာမှာဖြစ်တဲ့အတွက် Pixel 4a က ဒီနှစ်လည်း ရောင်းအားကောင်းတဲ့ဖုန်းတစ်လုံးဖြစ်လာနိုင်ခြေများနေပါတယ်။

Ref – GSM Arena