Google ကနေ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက မိတ်ဆက်ခဲ့တဲ့ Google Pixel 6 Series ဖုန်းတွေဟာ Design ပြောင်းလဲမှုတွေအပြင် Google ရဲ့ ကိုယ်ပိုင် Tensor Chip ကို အသုံးပြုထားတဲ့ဖုန်းတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း Pixel 6 Series ဖုန်းတွေဟာ နောက်ပိုင်းမှာ Bug တွေ၊​ တခြားသော ပြဿနာတွေဆက်တိုက်ကြုံတွေ့နေရတာကြောင့် အသုံးပြုသူတွေကြားမှာ ဝေဖန်ခံခဲ့ရပါသေးတယ်။

အခုလည်း Google ကုမ္ပဏီကို ပိုင်ဆိုင်တဲ့ Alphabet ကုမ္ပဏီ CEO ဖြစ်တဲ့ Sundar PIchai ကနေ Pixel 6 Series ဖုန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ နောက်ဆုံး ၃ လပါတ်အချိန်မှာ စံချိန်တင်ရောင်းအားအကောင်းဆုံးဖုန်းတွေဖြစ်လာတယ်လို့ ပြောကြားခဲ့ပါတယ်။​ ဒါက တခြားသော Pixel Series ဖုန်းတွေနဲ့ပဲ​ နှိုင်းယှဥ်တာဖြစ်တာကြောင့် Pixel 6 Series ဟာ Pixel ဖုန်းအနေနဲ့တော့ အောင်မြင်ခဲ့တယ်လို့ ပြောရမှာပါ။​

ဒါပေမယ့်လည်း Sundar Pichai ကနေ အရေအတွက် ဘယ်လောက်ထိရောင်းချရသလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် စုစုပေါင်းရောင်းအားအနေနဲ့ကတော့ တခြား iPhone နဲ့ Samsung လိုမျိုး ဖုန်းတွေထက် အားနည်းနေဦးမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Google ဟာ Pixel 6 Series ဖုန်းတွေကို အခုလို ကိုယ်ပိုင် Chipset နဲ့ Design ပြောင်းလဲလိုက်တာကြောင့် အခုလိုရောင်းအားတက်လာတာလည်း ဖြစ်နိုင်ပါတယ်။​ လာမယ့် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှာလည်း Google ကနေ ကိုယ်ပိုင် Tensor Chipset ကို အသုံးပြုထားပြီး ပိုစျေးသက်သာတဲ့ Pixel 6a ဖုန်းကို မိတ်ဆက်ဦးမှာဖြစ်တဲ့အတွက် Pixel ဖုန်းတွေအနေနဲ့ ပိုပြီးရောင်းအားကောင်းလာဖွယ်ရှိနေပါတယ်။

Ref – Gizmo China