Google Pixel 6a ကို လာမဲ့ မေလထဲမှာ မိတ်ဆက်မယ်လို့ မျှော်လင့်နေကြတာပါ။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းက Pixel 6a ရဲ့ Dummy unit ပုံပေါက်ကြားထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ဒီဧပြီလဆန်းမှာမှ သတင်းတွေက ပြန်ပြီးလှုပ်လှုပ်ရှားရှား ဖြစ်လာတာပါ။ အခုတော့ Pixel 6a ကို FCC မှာပါ မြင်တွေ့လာရပြီ ဖြစ်ပါတယ်။

Pixel 6 တွေကို မိတ်ဆက်ထားတာ မကြာသေးဘူးလို့ဆိုနိုင်ပေမဲ့ Google ဟာ နောက်ထပ် Pixel ဖုန်းတွေကို ရောင်းချဖို့ မြန်မြန်ဆန်ဆန်ဆောင်ရွက်နေတဲ့ ပုံစံပါ။ ဒါ့အပြင် Pixel 6a ဟာ ပြီးခဲ့တဲ့နှစ်ကထွက်ရှီထားတဲ့ A-series ဖုန်းတွေထက် ပိုပြီးကျယ်ပြန့်တဲ့ မိတ်ဆက်မှုကို ရရှိနိုင်တယ်လို့ FCC listing က ဖော်ပြနေပါတယ်။

Pixel 5a ဟာ သူ့ရှေ့က Pixel 3a, Pixel 4a တို့နဲ့မတူဘဲ ပြီးခဲ့တဲ့နှစ်က စတင်ရောင်းချချိန်မှာ Google က အမေရိကန်နဲ့ ဂျပန်တို့မှာပဲ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဈေးသက်သာတဲ့ Android ဖုန်းတွေအတွက် အဓိကကမ္ဘာ့ဈေးကွက်အတော်များများကို ချန်လှပ်ထားခဲ့တာကို တွေ့ရပါတယ်။ အခု Pixel 6a မှာတော့ ဈေးကွက်အတော်များများဆီ ဖြန့်ကျက်မယ်လို့ ယူဆရပါတယ်။

Pixel 6 ရဲ့ အောင်မြင်မှုနောက်မှာ Google ဟာ ဖုန်းရဲ့ Tensor chip ကို သုံးစွဲသူအမြောက်အများရဲ့လက်ထဲကို ထည့်ပေးဖို့ ရည်ရွယ်လာပုံရပါတယ်။ ဒီအတွက် ပိုပြီးကျယ်ပြန့်တဲ့ နိုင်ငံတကာဈေးကွက်ထဲ ဖြန့်ချိမှုလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ FCC စာရင်းသုံးခုမှာတော့ (A4RGB62Z, A4RG1AZG, A4RGX7AS) တွေအနေနဲ့ တွေ့မြင်ရပါတယ်။ ဒါ့အပြင် A4RGB17L ဆိုပြီး စတုတ္ထမြောက်မော်ဒယ်လည်း ရှိနေပြီး အားလုံးဟာ တူညီတဲ့ Device ဒါမှမဟုတ် Pixel 6a ကိုပဲ ညွှန်ပြနေကြတာ ဖြစ်ပါတယ်။

ခြုံငုံပြောဆိုရမယ်ဆိုရင်တော့ မတူညီတဲ့ဈေးကွက်တွေအတွက် မတူညီတဲ့မော်ဒယ်တွေလိုအပ်တာကြောင့် FCC စာရင်းမှာ အခုလိုတွေ့မြင်ရတာပါ။ Pixel 6a ကို ဘယ်အချိန်မှာရောင်းချမယ်၊ အဓိက Specs တွေက ဘာတွေလဲ စတဲ့အချက်အလက်တွေ မဿိရသေးပေမဲ့ ဈေးကွက်ထဲရောက်လာမယ့်အချိန်ကတော့ နီးကပ်နေပြီလို့ ယုံကြည်ရပါတယ်။

Ref: 9To5Google