Google ဟာ မကြာခင်မှာ Pixel 7a ဖုန်းအသစ်ကိုမိတ်ဆက်ဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ လက်ရှိသိထားရတဲ့သတင်းတွေအရ Pixel 7a ဖုန်းဟာ လာမယ့် မေလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားမယ့် Google I/O Event မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။

အခုလိုမျိုး မိတ်ဆက်ဖို့အချိန်နီးကပ်လာတဲ့အတွက် Pixel 7a ဖုန်းနဲ့ သက်ဆိုင်တဲ့သတင်းတွေကလည်း ထပ်မံပေါက်ကြားလာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ Tipster တစ်ဦးဖြစ်တဲ့ Paras Guglani ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ပြောကြားချက်အရ Pixel 7a ဖုန်းဟာ Google Pixel A Series ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ အရောင် (၅) မျိုးအထိ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ အဆိုပါ အရောင်တွေကို Dinuguan Black, Crispy Kale, Mayo Cream, Tide Orange နဲ့ Vibrant Ube ဆိုပြီး နာမည်ပေးထားမှာဖြစ်ပါတယ်။

ဒါ့အပြင် Pixel 7a ဖုန်းမှာ Storage အနေနဲ့ 256GB Storage ပါဝင်လာမှာဖြစ်ပြီး ဒါက မနှစ်တုန်းက Pixel 6a ထက် ၂ ဆပိုမိုများပြားမှာဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ 8GB ပါဝင်မှာဖြစ်ပြီး Processor ပိုင်းမှာ လက်ရှိ Pixel 7 Series ဖုန်းတွေမှာ အသုံးပြုနေတဲ့ Google Tensor G2 Chipset ကိုပဲ အသုံးပြုလာမှာပါ။

Google Pixel 7a ဖုန်းဟာ 64MP Main + 12MP Ultra-wide Sensor ပါဝင်မယ့် Dual Camera Setup ၊ 10.8MP Selfie Camera အပြင် 6.1″ 90Hz Full HD+ OLED Display ၊ Wireless Charging စတဲ့ Feature တွေပါဝင်မှာဖြစ်ပါတယ်။

Ref – Gizmo China