Google ရဲ့ ပထမဆုံး Foldable ဟာ နာမည်ကြီးပြီး ဈေးကွက်ထဲမရောက်သေးတာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ အခုတော့ Pixel Fold နာမည်နဲ့ ထွက်ရှိလာမယ်ဆိုတဲ့ ဒီ Foldable ဖုန်းရဲ့ အသေးစိတ် Renders တွေနဲ့ ဖြစ်နိုင်ဖွယ် ဈေးနှုန်းပါ ပေါက်ကြားထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

Pixel Fold ဟာ Google ရဲ့ လျှို့ဝှက်မှုအရှိဆုံး ပရောဂျက်တွေထဲက တစ်ခုဖြစ်ပြီး လက်ရှိအချိန်မှာတော့ ထုတ်လုပ်မှုလိုင်းထဲမှာ ရှိနေကြောင်း ပိုပြီးထင်ရှားလာပါပြီ။ ခန့်မှန်းချက်တွေအရ Pixel Fold ကို လာမဲ့ မေလထဲမှာ Pixel Tablet နဲ့အတူ ဖြန့်ချိလာဖွယ်ရှိပါတယ်။

မေလဟာ Google ရဲ့ နှစ်ပတ်လည် Developer conference I/O ကို ကျင်းပလေ့ရှိပြီး အဲဒီအချိန်မှာပဲ Pixel Fold ကို ထုတ်ဖော်ပြသမယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိအချိန်မှာတော့ Pixel Fold တွေကို Chalk (white) နဲ့ Obsidian (black) အရောင် ဗားရှင်းနှစ်မျိုးနဲ့ တွေ့မြင်ရမယ်လို့ သိရပါတယ်။

လက်ရှိပေါက်ကြားထားတာက Pixel Fold တွေရဲ့ 3D renders တွေပဲ ဖြစ်ပါတယ်။ အားလုံးသိချင်နေကြတဲ့ Spec တွေကတော့ ပေါက်ကြားမှုမှာ ပါဝင်လာခြင်းမရှိသေးပါဘူး။ Pixel Fold တွေမှာ “Usual Pixel-esque performance” နဲ့ Pixel flagship camera တို့ ပါဝင်မယ်လို့ အမည်မဖော်ထားတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

နောက်ထပ် သတင်းရင်းမြစ်တစ်ခုကတော့ Pixel Fold ဟာ အတော်လေးကို လေးလံတယ်လို့ ပြောဆိုခဲ့ပေမဲ့ အရေးအကြီးဆုံးအချက်ဖြစ်တဲ့ လေးလံတယ်ဆိုတာဟာ ဘာနဲ့နှိုင်းယှဉ်ထားလို့ လေးလံတယ်လို့ ပြောရတာလဲ ဆိုတာပဲ ဖြစ်ပါတယ်။

Pixel Fold ရဲ့ ဈေးနှုန်းကတော့ $1,799 ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ Samsung က Galaxy Z Fold4 ကို ပြီးခဲ့တဲ့ သြဂုတ်လက US မှာ ရောင်းချခဲ့တဲ့ ဈေးနှုန်း ဖြစ်ပါတယ်။ ဈေးနှုန်းပေါ်မူတည်ပြီး Pixel Fold က Galaxy Z Fold4 ကို တိုက်ရိုက် ခြိမ်းခြောက်မယ်လို့တော့ မပြောနိုင်သေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ထွက်လာတဲ့ 3D renders တွေအရ Pixel Fold ရဲ့ ကင်မရာတပ်ဆင်ပုံက အနည်းငယ်ကွဲပြားနေပေမဲ့ Pixel မှန်းတော့ တန်းပြီးသိသာစေပါတယ်။ 9.5MP selfie ကင်မရာ နှစ်လုံးပါဝင်မယ်လို့ သိရပြီး တစ်လုံးကတော့ Punch hole ထဲမှာ ဖြစ်ပါတယ်။ Power ခလုတ်မှာ Fingerprint scanner ထည့်သွင်းထားပြီး စပီကာနှစ်လုံးကို အပေါ်တစ်ခု၊ အောက်တစ်ခု ခွဲပြီးတပ်ဆင်ပေးထားပါတယ်။

Ref: GSM Arena