Android ဈေးကွက်ဟာ စီးပွားရေးအကြပ်အတည်းတွေနဲ့ သုံးစွဲသူတွေက Device အဟောင်းတွေကိုပဲ ကြာရှည်စွာ သုံးစွဲလာကြခြင်းတွေကြောင့် ထုတ်လုပ်သူတွေအနေနဲ့ တင်ပို့ရောင်းချမှုတွေ ဆက်ပြီး ကျဆင်းနေတာကို တွေ့ရပါတယ်။ လက်ရှိအချိန်မှာ Apple က ဈေးကွက်ရဲ့ဦးဆောင်ဖြစ်လာခဲ့ပြီး Samsung ကလည်း ယှဉ်ပြိုင်ဖို့ သူ့ရဲ့အစီအစဉ်အချို့ကိုတောင် ပြင်ဆင်ခဲ့ပါတယ်။

အလားတူပဲ Google ကလည်း နောက်ထပ် သုံးနှစ်အတွင်းမှာ သူ့ရဲ့ ထုတ်လုပ်မှုပုံစံကို ပြောင်းလဲလိုက်ဖွယ် ရှိနေပါတယ်။ ပေါက်ကြားလာတဲ့ Roadmap အရ Google ဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ Pixel 7a, Pixel Fold နဲ့ Pixel 8 စီးရီးတွေကို ထုတ်လွှတ်သွားမှာ ဖြစ်ပါတယ်။ Pixel 7a နဲ့ Pixel Fold ကတော့ Google I/O နဲ့ အချိန်ကိုက်ပြီး ဖြန့်ချိမှာ ဖြစ်ပါတယ်။ Pixel 8 နဲ့ 8 Pro တို့ကိုတော့ လာမဲ့ ဆောင်းဦးရာသီမှာ မိတ်ဆက်လာမှာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာတော့ Pixel 8a နဲ့ Pixel 9 စီးရီးတွေ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ Pixel 8a ကတော့ Codenamed “akita” နဲ့ တွေ့ရှိထားပြီးဖြစ်ပါတယ်။ ဖြန့်ချိမဲ့အချိန်ကိုတော့ သေချာမသိရသေးပါဘူး။ Pixel 9 စီးရီးတွေကတော့ ထုံးစံအတိုင်း နှစ်မျိုးထွက်လာမှာပါ။ Pixel 9 (Codename မပါ) နဲ့ Pixel 9 Pro (“Komodo”) တို့ဖြစ်ပါတယ်။ Pixel 9 မော်ဒယ်မှာ “caiman” Codename နဲ့ 6.3-inch ဟာ Pixel 7 ရဲ့ အရွယ်အစားဖြစ်မယ်လို့လည်း သိရပါတယ်။

၂၀၂၅ ခုနှစ်ကတော့ ဝေးလွန်းတဲ့အချိန်ကာလ ဖြစ်ပေမဲ့လည်း Clamshell Pixel Fold နဲ့ Pixel 10 စီးရီးတွေအတွက် လျာထားတာကို တွေ့ရပါတယ်။ Clamshell နဲ့ပတ်သက်တဲ့ အကြောင်းအရာကို မသိရသေးသလို Google အနေနဲ့ အမှန်တကယ် အကောင်အထည်ဖော်ဖြစ်မယ်၊ မဖော်ဖြစ်ဘူးဆိုတာကိုလည်း စောင့်ကြည့်ရဦးမှာပါ။ အစဉ်အလာအတိုင်းဆိုရင်တော့ Pixel 10 နဲ့ Pixel 10 Pro တို့ကို ၂၀၂၅ ခုနှစ်မှာ မိတ်ဆက်ရမှာပါ။ ဒီကြားကာလမှာ ဈေးကွက်အခြေအနေပေါ်မူတည်ပြီး Google ရဲ့ ဆုံးဖြတ်ချက်တွေ ပြောင်းလဲသွားတာလည်း ဖြစ်နိုင်ပါတယ်။

Ref: Android Police