Google ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက Pixel 6 နဲ့ Pixel 6 Pro ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီး ပထမဆုံးအနေနဲ့ ကိုယ်ပိုင် Tensor Chip ကို အသုံးပြုလာတဲ့ Pixel ဖုန်းတွေလည်းဖြစ်ပါတယ်။ အဆိုပါ Pixel 6 Series ဖုန်းတွေဟာ စျေးနှုန်းအရ စွမ်းဆောင်ရည်ပိုင်းနဲ့ ကင်မရာပိုင်းမှာ ကောင်းမွန်တာကြောင့် ယခင်တုန်းကထက်ပိုပြီး အကောင်းဘက်ကနေ ဝေဖန်ခံနေရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Google Pixel 6 Series မှာ အသုံးပြုထားတဲ့ Under Display Fingerprint Sensor ဟာ တခြားသော စမတ်ဖုန်းတွေနဲ့ ယှဥ်ရင် နှေးကွေးနေတယ်ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။ Google ဟာ ယခု Pixel 6 Series စမတ်ဖုန်းတွေမှာမှ ပထမဆုံးအနေနဲ့ Under Display Fingerprint Sensor ကို တရားဝင်အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Google ရဲ့ Official Twitter Account ဖြစ်တဲ့ Made by Google Twitter Account ကနေ ဒီလိုမျိုး Pixel 6 မှာ Fingerprint Sensor က နှေးကွေးနေတဲ့အကြောင်းကို ရှင်းပြခဲ့ပါတယ်။ Google ရဲ့ ရှင်းပြချက်အရတော့ အခုလိုမျိုးနှေးကွေးနေတာက ပြဿနာတစ်ခုလို့ ယူဆထားပုံမရပါဘူး။

ဘာကြောင့်လဲဆိုရင် ဒီလိုမျိုး နှေးကွေးနေတာက Google Pixel 6 ရဲ့ Under Display Fingerprint Sensor ဟာ ပိုကောင်းတဲ့ Enhanced Security Algorithm တွေကို ထည့်သွင်းထားတာကြောင့် အခုလိုမျိုး နှေးကွေးတာဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းခဲ့တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလို နှေးကွေးတာက ပုံမှန်ပဲလို့ Google ကနေ ယူဆထားပုံပါပဲ။

Ref – GSM Arena