အခုနောက်ပိုင်း PC နဲ့ Laptop စျေးကွက်မှာ Intel ဟာ Processor စျေးကွက်ကို ယခင်ကလိုမျိုး အပိုင်သိမ်းထားနိုင်ခြင်းမရှိတော့ဘဲ AMD Ryzen Processor တွေက နေရာယူလာပြီဖြစ်ပါတယ်။ ဒါကလည်း ဒီ AMD Ryzen Processor တွေက စျေးနှုန်းပိုမိုသက်သာသလို စွမ်းဆောင်ရည်ပိုင်းနဲ့ Architecture ပိုင်းမှာ ပိုသာလွန်နေတာကြောင့်လို့ ပြောနိုင်ပါတယ်။

အခုလည်း 91Mobiles ရဲ့ ဖော်ပြချက်များအရ Google ကနေ အသစ်မိတ်ဆက်ဖို့ရှိနေတဲ့ Chromebook အသစ်မှာလည်း Intel Processor တွေအစား AMD Ryzen Processor ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ အဆိုပါ Google Chromebook အသစ်ဟာ Dual-core Quad-thread CPU အမျိုးအစားဖြစ်တဲ့ Ryzen 3 3250C Processor ကို အသုံးပြုထားတာဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ 4GB ပါဝင်မှာဖြစ်ပြီး GPU ကလည်း AMD Radeon Vega 3 GPU ပါဝင်မယ်လို့ သိရပါတယ်။

Google ဟာ လက်ရှိနောက်ဆုံး Chromebook အနေနဲ့ Pixelbook Go ကို မိတ်ဆက်ထားပြီး အနိမ့်ဆုံး 8th Gen Intel Core i5 ကနေ Core i7 Model အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့လည်း $649 ကနေ စတင်ခဲ့တာဖြစ်တဲ့အတွက် အခု Google ကနေ မိတ်ဆက်လာမယ့် AMD Ryzen Processor နဲ့ Chromebook က ပိုပြီး စွမ်းဆောင်ရည်အနည်းငယ်နိမ့်သလို စျေးလည်း ပိုသက်သာမယ်လို့ ယူဆရပါတယ်။

တခြားအချက်အလက်တွေအနေနဲ့ကတော့ 14″ Full HD Display ကို အသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်နိုင်ခြေများနေတာကတော့ Google ကနေ အဆိုပါ Chromebook အသစ်ကို လက်ရှိ ဒေါ်လာ ၂၀၀ နဲ့ ၃၀၀ ဝန်းကျင် Intel Celeron Processor အသုံးပြုနေတဲ့ Chromebook တွေနေရာမှာ အစားထိုးနိုင်ဖို့အတွက် ရည်ရွယ်ထားပုံရပါတယ်။

ဘာပဲဖြစ်ဖြစ် မကြာခင်မှာ Google ကနေ ကိုယ်တိုင် မိတ်ဆက်လာမယ့် စျေးသက်သာတဲ့ Budget Chromebook အသစ်ကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

Ref – Android Authority