Google ဟာ လာမယ့် မေလအတွင်းမှာ Google Pixel 7a ဖုန်းကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Pixel 7a ဖုန်းဟာ ယခင် Pixel 6a ဖုန်းနဲ့ ယှဥ်ရင် Camera ပိုင်း၊ Display ပိုင်းအဆင့်မြှင့်တင်မှုပါဝင်လာမယ့်အပြင် Wireless Charging ကိုပါ ထောက်ပံ့မှာဖြစ်ပါတယ်။

အခုလိုမျိုး အဆင့်မြှင့်တင်မှုတွေအများအပြားပြုလုပ်လာတဲ့အတွက် Google Pixel 7a ဖုန်းဟာ စျေးနှုန်းပိုင်းမှာလည်း Pixel 6a ထက် ပိုပြီးများပြားမယ်လို့ သိရပါတယ်။ အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရ Google Pixel 7a ဖုန်းဟာ Pixel 6a ရဲ့ စျေးနှုန်းဖြစ်တဲ့ ဒေါ်လာ ၄၄၉ ထက် ဒေါ်လာ ၅၀ ပိုများတဲ့ ၄၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာပါ။

ဒါကြောင့် Google Pixel 7a ဖုန်းဟာ စျေးနှုန်းအရ ယခင် Pixel A Series ဖုန်းတွေအားလုံးထဲမှာ စျေးအကြီးဆုံးဖုန်းဖြစ်လာမှာပါ။ တစ်ဖက်မှာလည်း Google Pixel 7a ဖုန်းဟာ Pixel 7 နဲ့ Pixel 7 Pro ဖုန်းမှာ အသုံးပြုထားတဲ့ Tensor G2 Chipset ၊ RAM 8GB ၊ 256GB Storage တွေအပြင် 90Hz Display ၊ 64MP Main Camera ပါဝင်တဲ့ Dual Camera Setup တွေကြောင့် စွမ်းဆောင်ရည်ပိုင်းမှာလည်း ပိုကောင်းမှာဖြစ်ပါတယ်။

Google Pixel 7a ဖုန်းကို လာမယ့် မေလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားမယ့် Google I/O Event မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး အဆိုပါနေ့မှာပဲ ချက်ချင်းရောင်းချသွားမယ်လို့ သိရပါတယ်။ ယခင် Pixel A Series ဖုန်းတွေဟာ ရောင်းအားကောင်းခဲ့ပေမယ့် အခုလို စျေးပိုကြီးလာတဲ့ Pixel 7a က အောင်မြင်နိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Engadget